နတ်မောက်မှာ ဗိုလ်မှူးတဦးအသတ်ခံရ

နတ်မောက်မှာ ဗိုလ်မှူးတဦးအသတ်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က ဗိုလ်မှူးတဦးကို သေနတ်နဲ့ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ နတ်မောက်တော်လှန်ရေးအင်အားစုမှ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

နတ်မောက်မြို့ အနောက်မြောက်ဘက် ရွှေပန်းတောရွာနဲ့ ဂွေးကုန်းရွာကြားရှိ အမှတ် ၂ ဆက်သွယ်ရေးတပ်က ဗိုလ်မှူးဘစိုင်းကို ဖေဖေါ်ဝါရီ ၂၄ ရက် မနက် ၆ နာရီခွဲလောက်က ဂွေးကုန်းကျေးရွာ ‌တောင်ဘက် တဖာလုံခန့်အကွာ ဂွေးကုန်း-သားမျှားလမ်းမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

 

ဗိုလ်မှူးဘစိုင်းဟာ ပုဂံမြို့ကို ရထားနဲ့သွားဖို့ သားမျှားဘူတာကို ဆိုင်ကယ်နဲ့သွားချိန် စောင့်ကြိုပစ်ခတ်ခဲ့ တာဖြစ်ပြီး နေရာတင် သေဆုံးခဲ့တယ်လို့ အထက်ပါတပ်ဖွဲ့ဝင်က ပြောပါတယ်။

 

ဗိုလ်မှူးဘစိုင်းဟာ နတ်မောက်မြို့နယ်အတွင်း အရပ်ဝတ်နဲ့ အမြဲလိုလို သွားလာကာ သတင်းထောက်လှမ်းနေသူ ဖြစ်တယ်လို့ သိရပါတယ်။

 

ပစ်ခတ်မှုအပြီးမှာ စစ်အုပ်စုဘက်က ရောက်လာပြီး ဂွေးကုန်းရွာက ပြည်သူတွေကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကာ အလောင်းကို ‌ဆက်သွယ်ရေးတပ်အတွင်းသယ်ပြီး အဲ့ဒီကတဆင့် နတ်မောက်မြို့ကို သယ်သွားတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် နတ်မောက်မြို့အရှေ့ခြမ်းက လဲဘူးရွာ၊ လျော်ကျောင်း‌လေးရွာ၊ ကန်ပျိုရွာ၊ ကျောက်ဆည်ရွာ၊ ကံလေးကုန်ရွာနဲ့ သပွတ်ပင်ရွာတို့ကို စစ်ကောင်စီက ဖေဖေါ်ဝါရီ ၂၃ ရက်ကစတင်ပြီး အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလျက်ရှိနေပါတယ်။ 

 

အဲဒီစစ်ကြောင်းမှာ နတ်မောက်နယ်ရှိ အမှတ် ၂ ဆက်သွယ်ရေးတပ်၊ ရွာမွန်ပင်မစစ်လက်နက် သိုလှောင်ရေးတပ်ရင်း(ပပန)၊ အမှတ် ၁၇ ကာကွယ်ရေးပစ္စည်းစက်ရုံ (မြို့သစ်)၊ အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ် - မကွေး စတဲ့ တပ်ရင်းတွေက တပ်သားတွေပါဝင်တယ်လို့ သိရပါတယ်။

 

 

စာတည်း - လင်း

 

#မြေလတ်အသံ

#မကွေး #နတ်မောက် #ဗိုလ်မှူး #ရှင်းလင်းခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10