နတ်မောက်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး

နတ်မောက်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ရာက စစ်သား ၂ ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဘက်က ဆိုင်ကယ် ၂ စီး ဆုံးရှုံးခဲ့တယ်လို့  People’s Defence Force Natmauk ရဲ့ တာဝန်ရှိသူတဦးဆီက သိရပါတယ်။

နတ်မောက်မြို့နယ်၊ ရွာမွန် ပင်မစစ်လက်နက်သိုလှောင်ရေးတပ်ရင်းကနေ အင်အား ၂၅ ဦးဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို တဲကြီးကုန်းအုပ်စု၊ တဲကြီးကုန်းရွာအနီးမှာ မတ် ၂ ရက် ညနေ ၃ နာရီခွဲလောက်က တိုက်ခိုက်ကြတာလို့ ဆိုပါတယ်။

ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ဖို့စောင့်နေချိန်မှာ စစ်ကြောင်းက သတင်းကြိုရပြီး ရောက်လာလို့ မိုင်းဆွဲခွင့်မရဘဲ နှစ်ဘက်ပစ်ခတ်ကြတာလို့ ဆိုပါတယ်။

“မိုင်းဆွဲဖို့ ပြင်ဆင်နေတုန်း စစ်ကြောင်းက ရှေ့ကိုက် ၃၀ အကွာလောက်မှာ ပွိုင့် ၂ ကောင်ထားပြီး တက်လာလို့ အဲ့ဒီ ၂ ကောင်ကိုအသေပစ်နိုင်ခဲ့တာ။ နှစ်ဘက်အပြန်အလှန်ပစ်ကြရင်း ကျနော်တို့ ဆိုင်ကယ်တွေ ကျန်ခဲ့ရတာ”လို့  ၉၀၂ တပ်ရင်း People’s Defence Force - Natmauk ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်စည်းက ပြောပါတယ်။

ပူးပေါင်းတပ်ဖွဲ့တွေ ရုတ်တရက်ဆုတ်ခွာရတာကြောင့် သေဆုံးစစ်သားအလောင်းတွေကို  ဘယ်ကိုပြန်သယ်သွားကြတယ်ဆိုတာ မသိရဘူးလို့  သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို နတ်မောက်ပကဖ၊ မြို့သစ်ပကဖ၊ ၉၀၂ တပ်ရင်း People’s Defence Force -Natmauk၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့၊ ဗိဿနိုးလက်အောက်ခံ ပြောက်ကျားတပ်ဖွဲ့၊ ဗိဿနိုးလက်အောက်ခံ ကျားသစ်နက်တပ်ဖွဲ့၊ မကွေးခရိုင်တပ်ရင်း ၂ နဲ့  Aung San Lant တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့  သိရပါတယ်။

မတ် ၃ ရက် ဒီမနက်မှာလည်း နတ်မောက်မြို့နယ်အရှေ့ခြမ်းက လဲဘူးရွာနဲ့ ဆည်လယ်ရွာတွေဘက်ကို စစ်ကောင်စီဘက်က အင်အား ၃၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။

ဖေဖေါ်ဝါရီ ၂၉ ရက် နေ့လယ် ၂ နာရီလောက်ကတော့ နတ်မောက်မြို့နယ်အရှေ့ခြမ်းရှိ ဆည်လယ်ရွာနဲ့ ပေပင်ရှည်ရွာအနီးတဝိုက်က ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျောက်တောင်ရွာအနီးက ဇရပ်အရောက်မှာ နတ်မောက်ပကဖအပါ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။ 

နတ်မောက်မြို့နယ်ထဲမှာ အမှတ် ၂ ဆက်သွယ်ရေးတပ်၊ ရွာမွန်ပင်မ စစ်လက်နက်သိုလှောင်ရေးတပ်ရင်း၊ အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ် - မကွေးတို့က စစ်သားတွေပူးပေါင်းပြီး ဖေဖေါ်ဝါရီ ၂၃ ရက်ကစတင်ပြီး နေ့စဉ်ဆိုသလို စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။

ပုံစာ - နတ်မောက်မြို့နယ်ထဲတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်း။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #နတ်မောက် #စစ်ကောင်စီ #ကာကွယ်ရေးတပ် #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10