နမခ ကထွက်ပြေးလာတဲ့ စစ်သား ၂ ဦးကို လက်နက်နဲ့အတူ ကာကွယ်ရေးတပ်တွေဖမ်းမိ

နမခ ကထွက်ပြေးလာတဲ့ စစ်သား ၂ ဦးကို လက်နက်နဲ့အတူ ကာကွယ်ရေးတပ်တွေဖမ်းမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အပိုင်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ်သား ၂ ဦးကို ဖမ်းမိခဲ့တယ်လို့ ဒီဇင်ဘာ ၂၉ ရက် ဒီနေ့မှာ Chaung U People's Defence Force အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။

ဖမ်းဆီးရမိသူ ၂ ဦးဟာ မုံရွာ နမခတပ်ထဲက စစ်ကောင်စီတပ်သား ၂ ဦးဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းစစ်ဆေးနေတဲ့လမ်းပိုင်းမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

"သူတို့(စကစတပ်သား)တွေ အပြောအရကတော့ အပြင်ကတော်လှန်အဖွဲ့တခုနဲ့ ချိတ်ပြီးထွက်လာတယ်။ ထွက်လာပြီးခါမှ ဖုန်းအဆက်အသွယ်မရတဲ့အခါမှာ ကျနော်တို့နဲ့တွေ့ပြီး ထိန်းသိမ်းလိုက်တာ။ သူတို့ကိုမိတာက ခြေလျင်နဲ့လာချိန် မိတာပါ။"လို့ CHU PDF အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

 

ကျန်ရစ်ခဲ့တဲ့မိသားစုတွေရဲ့ လုံခြုံရေးအရ ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သား ၂ ဦးရဲ့ နာမည်၊ ရာထူးတို့ကို ဖြေကြားပေးဖို့အဆင်မပြေဘူးလို့ အထက်ပါ တာဝန်ရှိသူကဆက်ပြောပါတယ်။

သူတို့ ၂ ဦးကို ဖမ်းဆီးရမိချိန်မှာ MA 5 ပစ္စတို ၁ လက်၊ ၉ မမ ကျည် ၉ တောင့်၊ 380 ကျည် ၁ တောင့်နဲ့ ပစ္စတိုအိတ် ၁ ခု၊ ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့နယ်အပိုင်ထဲမှာ ဖမ်းမိတာဖြစ်လို့ အဲ့ဒီညနေပိုင်းမှာပင် ၂ ဦးစလုံးကို မုံရွာမြို့နယ်ပကဖအဖွဲ့ဆီ လွှဲပြောင်းအပ်ပေးလိုက်တယ်လို့ အထက်ပါတာ၀န်ရှိသူက ဆိုပါတယ်။

ဒီဖမ်းဆီးမှုကို CHU PDF တပ်ဖွဲ့ ၁၊ Special Force 11 LPDF၊ ဒိတ်ဒိတ်ကြဲ LPDF အဖွဲ့ တွေက ပူးပေါင်းဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါတယ်။

CHU PDF အဖွဲ့အနေနဲ့ ၂၀၂၄ ခုနှစ်ထဲမှာ ယခုဖမ်းမိတဲ့ စစ်ကောင်စီတပ်သား ၂ ဦးအပါအဝင် စုစုပေါင်း ၃ ဦးဖမ်းမိထားတယ်လို့ အဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။

#မြေလတ်အသံ

#မုံရွာ #မုံရွာချောင်းဦးလမ်း #နမခ #စစ်သား #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10