နမခ ကာကင်းစခန်း ဘုန်းကြီးကျောင်းကို PDF သိမ်းပိုက်၊ စစ်သား ၁၅ ဦးခန့်သေဆုံး ၅ ဦး အရှင်မိပြီး စိန်ပြောင်းအပါ သေနတ် ၁၀ လက်ရ

နမခ ကာကင်းစခန်း ဘုန်းကြီးကျောင်းကို PDF သိမ်းပိုက်၊ စစ်သား ၁၅ ဦးခန့်သေဆုံး ၅ ဦး အရှင်မိပြီး စိန်ပြောင်းအပါ သေနတ် ၁၀ လက်ရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ထီးတော်တင်ရွာဘုန်းကြီးကျောင်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၁၅ ဦးခန့်သေဆုံးကာ ၅ ဦးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ယင်းမာပင်မြို့နယ်ပကဖ Union Liberation Front- ULF  တပ်ဖွဲ့ဆီက သိရပါတယ်။

မုံရွာ - ရေဦးကားလမ်းအနီးရှိ အဆိုပါဘုန်းကြီးကျောင်းမှာတပ်စွဲနေတဲ့ အင်အား ၄၀ ခန့် စစ်ကောင်စီတပ်ဖွဲ့ဟာ မုံရွာ နမခစစ်ဌာနချုပ်အတွက် ကာကင်းယူပေးထားတဲ့စခန်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန် ၁၁ ရက် မနေ့ညနေ ၅ နာရီလောက်မှာ စတင်တိုက်ခိုက်ကာ မိနစ် ၃၀ အတွင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ စစ်သုံ့ပန်း ၅ ယောက်ကို မစစ်ဆေးရသေးဘူး။ သူတို့ကို စစ်ဆေးပြီးရင်တော့ သေတဲ့အထဲမှာ အရာရှိတွေ ပါ မပါသိရမယ်။ အရာရှိတယောက်တော့ ခြေထောက်ထိသွားတယ်လို့ မိထားတဲ့တယောက်က ပြောတယ်။ အဲ့ဒီဒဏ်ရာနဲ့ ရအောင်ပြေးသွားတယ်။ သူ့ရဲ့လက်နက်ကိုတော့ ရလိုက်တယ်” လို့  ယင်းမာပင်မြို့နယ်ပကဖ (ULF)စစ်ကြောင်းမှူး ကိုမင်းမင်း က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိခဲ့ကာ အများအပြားဒဏ်ရာရရှိသလို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ၂ ဦး(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲဝင်တွေကိုင်ဆောင်တဲ့ MA 1 သေနတ် ၆ လက် ၊ MA 3 ၂ လက် ၊ MA 2 ၁ လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက် ၊ ၆၀ မမ ဗုံးသီး ၅ လုံး၊ ၄၀ မမ ဗုံးသီး ၂ လုံး၊ ၅.၅၆ မမ ကျည် ၁,၃၃၀ တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှုပြီးချိန်လောက်မှာ နမခနဲ့ ဖန်းခါးကျင်းရွာကနေ စစ်ကြောင်း ၂ ကြောင်းနဲ့ တက်လာတဲ့အတွက် အလျင်အမြန်သိမ်းဆည်းခဲ့ရတာကြောင့် သိမ်းဆည်းရမိပစ္စည်းအားလုံးကို မယူဆောင်နိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

အရှင်ဖမ်းဆီးရမိသူတွေဟာ ခမရ ၁၀၆ မှ တပ်သား နေထက်အောင်၊ တပ်သား သက်ထွန်းနိုင်၊ တပ်သား ရှိုင်းထက်အောင်၊ ၊ခမရ ၃၆၈ မှ တပ်သား လွမ်းငြိမ်းသူနဲ့ ရဲတပ်သား ဖြိုးထက်အောင် တို့ဖြစ်ကာ ၎င်းတို့ကို စစ်ဆေးပြီးပါက သက်ဆိုင်ရာစစ်ဒေသကို ဆက်လက်လွှဲပြောင်းသွားမယ်လို့ စစ်ကြောင်းမှူးက ပြောပါတယ်။

ထီးတော်တင်ကျေးရွာအတွင်း ဒေသခံတွေရှိနေတာကြောင့် စစ်ကောင်စီတပ်သားတွေကို သွားရောက်တိုက်ခိုက်ဖို့ အချိန် ၁ ပတ်ကျော်ယူခဲ့ရသလို တိုက်ခိုက်ချိန်မှာလည်း ဒေသခံတွေထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ခဲ့တာကြောင့် ပြည်သူထိခိုက်မှုမရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။

တိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ်တိုက်နယ် ၁ ပကဖ (ချိုမိုင်မိုင်အဖွဲ့၊ နဂါးညီနောင်အဖွဲ့၊ ချင်းတွင်းတိုက်ဂါးအဖွဲ့၊ B2 Fighter အဖွဲ့၊ CT lPDF အဖွဲ့၊ ထန်းတပင်အဖွဲ့၊ K2 အဖွဲ့၊ ဒေါင်းလုလင်အဖွဲ့၊ သေမင်းတမန်အဖွဲ့ )၊ ယင်းမာပင်မြို့နယ် တိုက်နယ် ၁၀ ပကဖ( ဗိုလ်မုတ်ဆိတ်အဖွဲ့ ) ၊ ယင်းမာပင်မြို့နယ် တိုက်နယ် ၉ ပကဖ(ဗျတ္တညီနောင်အဖွဲ့၊ ဗိုလ်ထွန်းတောက်အဖွဲ့ )၊ ကနီမြို့နယ် တိုက်နယ် ၅ ပကဖအဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၇ B21 PDF ၊ယင်းမာပင်ခရိုင် ဗျူဟာအမှတ် (၄၅) KLGPDF၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ PDA ၊ ကျောင်းသားလက်ရုံးတပ်တော်၊ မုံရွာခရိုင်တပ်ရင်း ၁၃၊ Aung San Generation၊ မုံရွာခရိုင်တပ်ရင်း ၁၄၊ ချင်းတွင်း Brother LPDF၊ ဘုတလင် Mobile team တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ် ။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #နမခ #ကာကင်းစခန်း #သိမ်းပိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10