နိဂုံးမလှတဲ့ ၅/ စစ်ဗိုလ်ချုပ် (ရုပ်ပုံလွှာ)

နိဂုံးမလှတဲ့ ၅/ စစ်ဗိုလ်ချုပ် (ရုပ်ပုံလွှာ)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)နဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) စစ်တိုင်း ၂ ခုရဲ့ တိုင်းမှူးဟောင်း၊ လာအိုသံအမတ်ကြီးတဖြစ်လဲ ဗိုလ်ချုပ်မြတ်သက်ဦးဟာ အခုလထဲမှာပဲ စစ်တရားရုံးနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပါတယ်။

စစ်ကောင်စီက ဗိုလ်ချုပ် မြတ်သက်ဦးကို ပြီးခဲ့တဲ့နှစ်ဇွန်လမှာ စစ်ဘက်ရာထူးဖြစ်တဲ့ ရတခတိုင်းမှူးကနေ အနားပေးခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို ပို့ဆောင်ကာ လာအိုနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့တာပါ။ ဒါပေမယ့် အမှုဟောင်းတွေပေါ်လာလို့ နိုဝင်ဘာလနောက်ဆုံးအပတ်မှာပဲ လာအိုသံ အမတ်အဖြစ်ကနေ နေပြည်တော်ကို ပြန်လည်ခေါ်ဆောင်ကာ စစ်တရားရုံးနဲ့စစ်ဆေးပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းမှူးအဆင့်အထိ မြှောက်စားခဲ့ပေမယ့် နောက်ဆုံးမှာ ထောင်ဒဏ်နဲ့သာ အဆုံးသတ်ခဲ့ရတဲ့ အညာသားစစ်ဗိုလ်ချုပ်တဦးအကြောင်း ပြောပြပေးမှာဖြစ်ပါတယ်။

 

DSA ရောက် ၅/ ဗိုလ်လောင်း

ဗိုလ်ချုပ် မြတ်သက်ဦးဟာ ၁၉၇၄ ခုနှစ်မှာ အညာဒေသလို့ခေါ်ဆိုတဲ့ မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာဇာတိ အငြိမ်းစားမူလတန်းကျောင်းအုပ် ဦးမြင့်သန်းနဲ့ ဒေါ်အောင်မေတင်တို့က မွေးဖွားခဲ့တဲ့  ၅/ မှတ်ပုံတင်ကိုင်ဆောင်သူတဦးပါ။

၁၉၉၃ မှာ ဖွင့်လှစ်တဲ့  စစ်တက္ကသိုလ်(DSA) ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၃၈ ကို အသက် ၁၉ နှစ်အရွယ်မှာ ၄ နှစ်ကြာတက်ရောက်ခဲ့ပြီး ၁၉၉၇ မှာ ဗိုလ်သင်တန်းဆင်းခဲ့ကာ ဒုဗိုလ်အဆင့်နဲ့  မိခင်တပ်ရင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အခြေစိုက် ခလရ ၂၇၈ တပ်ရင်းမှာ သူ့ရဲ့စစ်တပ်အရာရှိဘဝကို စတင်ခဲ့ပါတယ်။

 

စာတော်တဲ့ ဗိုလ် မြတ်သက်ဦး

အရပ် ၅ ပေ ၁၀ လက်မ ရှိတဲ့ ဗိုလ် မြတ်သက်ဦးဟာ အရာရှိပေါက်စဘဝကတည်းက ထူးချွန်သူဖြစ်ပြီး သူ့ရဲ့ မိခင်တပ်ရင်း ခလရ ၂၇၈ မှာ ၄ နှစ်ကြာပြီးတဲ့နောက် ၂၀၀၀ ပြည့်နှစ်မှာ ပြင်ဦးလွင်၊ တပ်မတော်နည်းပညာတက္ကသိုလ်(DSTA) ကို နည်းပြအရာရှိအဖြစ်ရောက်ရှိခဲ့ကာ DSTA မှာပဲ ဗိုလ်ကြီးအဆင့်ရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်အရာရှိတွေ တက်ရောက်ရတဲ့ အဆင့်လိုက်သင်တန်းတွေနဲ့ အုပ်ချုပ်မှုဆိုင်ရာသင်တန်းတွေမှာ အဆင့်သတ်မှတ်ချက်အနေနဲ့ “သာမာန်၊ “သာမာန်အမြင့်”၊ “သာမာန်အထက်အမြင့်” ဟု ခွဲခြားသတ်မှတ်ပြီး စာပေနဲ့လေ့ကျင့်ရေး ၂ ခုစလုံးမှာ ထူးချွန်သူတွေက “သာမာန်အမြင့်”နဲ့ “သာမာန်အထက်အမြင့်” ကို ရရှိကြတာပါ။

အထူးသဖြင့် အရာရှိတိုင်း မဖြစ်မနေတက်ရောက်ရပြီး အဆင့်တိုးမြှင့်ရေးမှာ အဓိကအထောက်အကူပြုတဲ့ ခြေလျင်တပ်စုမှူး/ တပ်ခွဲမှူး/ တပ်ရင်းမှူးသင်တန်းတွေမှာ ဗိုလ် မြတ်သက်ဦးဟာ သာမာန်အမြင့် ရရှိတာပါ။ ဒါ့အပြင် ဒုဗိုလ်မှူးကြီးအဆင့်မှာတက်ရောက်ရတဲ့ စစ်ဦးစီးတက္ကသိုလ်(ဥစတ)နဲ့ ဗိုလ်မှူးကြီးအဆင့်မှာတက်ရောက်ရတဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(နကတ) သင်တန်းတွေမှာလည်း သာမာန်အမြင့်နဲ့ သာမာန်အထက်အမြင့်တွေ ရရှိတာဖြစ်ပါတယ်။

ဒါ့အပြင် DSA က ရရှိတဲ့ BSC(DSA) ဘွဲ့အပြင် မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေးပညာ)ဘွဲ့ကို ဗိုလ်ချုပ် မြတ်သက်ဦးက ရရှိထားလို့ သူ့ရဲ့အရာရှိသက်တမ်းတလျှောက် စာကြိုးစားတဲ့ စစ်ဗိုလ်ချုပ်တဦးဖြစ်ကြောင်း တပ်အရာရှိတဦးကလည်း မှတ်ချက်ပြုပါတယ်။ အဲ့ဒီ မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ)ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်း ရရှိထားတဲ့ဘွဲ့ပါ။

 

ကစထမှူး၊ တပ်ချုပ်တွေက ချီးကျူးရတဲ့ ဒုတိယဗိုလ်မှူးကြီး မြတ်သက်ဦး

လွန်ခဲ့တဲ့ ၁၀ နှစ်က ကချင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ တပ်ရင်းမှူးအနေနဲ့ ပါဝင်ခဲ့တဲ့ ဗိုလ်ချုပ် မြတ်သက်ဦး ကို နေပြည်တော်က စစ်ဗိုလ်ချုပ်ကြီးတွေက ချီးကျူးခဲ့ရတာပါ။

ကချင်လွတ်မြောက်ရေးတပ်-KIAနဲ့ စစ်ကောင်စီတပ်တွေအကြား ကချင်ပြည်နယ်အတွင်း ၂၀၁၁ ကနေ ၂၀၁၃ အထိဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ သူဟာ အမှတ် ၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၃) လက်အောက်ခံ ဟိုပင်အခြေစိုက် ခမရ ၃၈၈ မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့ တပ်ရင်းမှူးပါ။

စကခ ၃ နဲ့ လက်အောက်ခံတပ်တွေဟာ အဲ့ဒီအချိန်က KIA ဌာနချုပ်လိုင်ဇာနဲ့ အနီးကပ်ရင်ဆိုင်နေရတာဖြစ်ပြီး ရှေ့တန်းခမရ ၃၈၈ တပ်ရင်းအနေနဲ့ လဂျားယန်ဒေသမှာ စခန်းမကျအောင်ခုခံနိုင်ခဲ့လို့ တိုက်ပွဲအတွင်းမှာပဲ ကစထ ၁ ကစထမှူးရဲ့ ချီးကျူးဂုဏ်ပြုခံခဲ့ရပါတယ်။ အဲ့ဒီကာလက ကစထ ၁ ကထစမှူးဟာ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ပါ။

ကချင်တိုက်ပွဲတွေရဲ့ စွမ်းဆောင်ရည်ကြောင့်ပဲ ၂၀၁၄ ခုနှစ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပေးအပ်တဲ့ “ကာကွယ်ရေးဦးစီးချုပ်၏သူရဲကောင်းလက်မှတ်” ကိုလည်း ရရှိခဲ့ပါတယ်။

အဲ့ဒီကာလ ကချင်ပြည်နယ်အတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံးများပြားခဲ့သလို ၂၀၁၃ နဲ့ အရှေ့ပိုင်းကာလတွေက စစ်မှုထမ်းဆောင်ဆဲ စစ်သားအားလုံးအနေနဲ့ လင်းယုန်တိုက်ပွဲတံဆိပ်ရရှိတဲ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

 

နေပြည်တော်စစ်ရုံးကနေ တပ်မမှူးဆီသို့

အဲ့ဒီလို ချီးကျူးမှုတွေ၊ ဘွဲ့တံဆိပ်တွေရရှိခဲ့တဲ့ ဒုဗိုလ်မှူးကြီး မြတ်သက်ဦး ဟာ ကချင်တိုက်ပွဲတွေပြီးသွားတဲ့ နောက် ၂၀၁၄ အတွင်းမှာပဲ နေပြည် တော်စစ်ရုံး၊ ကက(ကြည်း) စစ်ဆင်ရေးဌာန၊ အမှတ် ၁ စစ်ဆင်ရေးအထူးဖွဲ့မှူး(ကစထ ၁) ရုံးမှာ စစ်ဦးစီးမှူး(ပထမတန်း) G-1 အဖြစ်နဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။

ကစထ ၁ ဟာ မြစ်ကြီးနား မပခ၊ မုံရွာ နမခ နဲ့ မန္တလေး လပခ စတဲ့ စစ်တိုင်း ၃ ခုရဲ့ အထက်ကနေ စစ်ဆင်ရေးတွေကို ကွပ်ကဲရတာဖြစ်ပြီး စစ်ဦးစီးမှူး (ပထမတန်း) G-1 က ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးကိုယ်စား စစ်ဆင်ရေးတွေကို တာဝန်ယူကိုင်တွယ်ကြီးကြပ်ရတာပါ။

နေပြည်တော်စစ်ရုံးမှာ ၂ နှစ်နီးပါးကြာပြီးတဲ့နောက် ၂၀၁၆ မှာ ဗိုလ်မှူးကြီးအဆင့်တိုးနဲ့ တပ်မ ၇၇ မှာ ယာယီနည်းဗျူဟာမှူး/ နည်းဗျူဟာမှူးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ဗိုလ်မှူးကြီးအဆင့်နဲ့ ၃ နှစ်ကျော် တာဝန်ယူပြီးနောက် ၂၀၁၉ မှာ တပ်မ ၇၇ မှာပဲ ဗိုလ်မှူးချုပ်အဆင့်နဲ့ တပ်မမှူးဖြစ်ခဲ့ကာ ၂၀၂၁ စစ်အာဏာမသိမ်းမီ ၁ ရက်အလိုအထိ တပ်မမှူးပါ။

 

စစ်အာဏာသိမ်းချိန် တိုင်းမှူးအဖြစ်မြှောက်စားခံရ

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့မှာပဲ ဗိုလ်မှူးချုပ် မြတ်သက်ဦး ကို မြစ်ကြီးနားမြို့အခြေစိုက်ပြီး ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးတွေကိုကွပ်ကဲရတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) တိုင်းမှူးရာထူးခန့်အပ်ခဲ့ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူနဲ့အတူတွဲခေါ် မြှောက်စားခဲ့ပါတယ်။ 

တချိန်တည်းမှာပဲ ယခင်မပခတိုင်းမှူး ဗိုလ်ချုပ် တေဇကျော်က ဒုတိယဗိုလ်ချုပ်ကြီး အဖြစ်ရာထူးတိုးသွားပြီး နေပြည်တော် ၊ ကက(ကြည်း) အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့မှူး အဖြစ်ခန့်အပ်ခံခဲ့ရလို့ မပခတိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် မြတ်သက်ဦးက ဆက်ခံခဲ့ကာ ဗိုလ်ချုပ်အဆင့်ကိုတော့ တိုင်းမှူးအဖြစ်ခန့်အပ်ရမှု ၁ နှစ်ပြည့်မြောက်ချိန် ၂၀၂၂ ဖေဖော်ဝါရီလမှာ ရရှိခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်းက စစ်ဆင်ရေးတွေမှာပါဝင်ဖူးသလို ကစထ ၁ ရဲ့ G-1 ရာထူးကနေ ပြန်ဆင်းလာတာဖြစ်လို့ မပခ တိုင်းမှူးအဖြစ် ရွေးချယ်ခန့်အပ်ခဲ့တာလည်းဖြစ်တယ်လို့ နေပြည်တော်စစ်ရုံးကသတင်းရင်းမြစ်က ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီပြန်လည်ရရှိရေး လမ်းပေါ်ထွက်ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ပြည်သူလူထုကို ကျည်အစစ်တွေနဲ့ပစ်ခတ်ဖြိုခွဲလို့ သေဆုံးခဲ့ရတဲ့ဖြစ်စဉ်တွေမှာ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေပြီးရင် ဒေသအလိုက်စစ်တိုင်း ၁၄ ခုက တိုင်းမှူးတွေက တာဝန်အရှိဆုံးပါ။

အာဏာသိမ်းပြီးနောက် အစောပိုင်းကာလ ကချင်ပြည်နယ်အတွင်းမှာ ပြင်းထန်တဲ့တော်လှန်စစ်တွေမရှိခဲ့ဘဲ ကချင်နဲ့တဆက်တည်းရှိနေတဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်ဒေသတွေမှာသာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့လို့ မပခတိုင်းမှူးအနေနဲ့ အနေအစားချောင်ခဲ့ပါသေးတယ်။

 

မပခ မှ ရတခ သို့

ဗိုလ်ချုပ် မြတ်သက်ဦးဟာ မပခ တိုင်းမှူးအဖြစ် ၁ နှစ်ကျော်ကြာပြီးနောက် ၂၀၂၂ သြဂုတ်လမှာ မွန်ပြည်နယ် ၊ မော်လမြိုင်အခြေစိုက် ရတခတိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နဲ့ သူ့ရဲ့ မပခတိုင်းမှူးနေရာ ဒဲ့ချိန်းလိုက်ရလို့ ရတခတိုင်းမှူးအဖြစ် ပြောင်းရွှေ့သွားခဲ့ရပါတယ်။

အဲ့ဒီကာလဟာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေသလို ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးက နောက်တန်းတပ်ရင်းတွေ မကြာခဏဝင်ရောက်တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။

KNU နယ်မြေတိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများနေသလို ကွပ်ကဲမှုအောက် ရှေ့တန်းစစ်စခန်းတွေက မြေပြင်တပ်ရင်းမှူးတွေဟာ အမိန့်မနာခံဘဲ တပ်ပုန်ကန်မှုတွေ မကြာခဏဖြစ်ပွားနေလို့ စစ်တိုင်းမှူး မြတ်သက်ဦး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ကာလပါ။

 

တိုင်းမှူးရာထူးက ပြုတ်ပြီ

ကရင်ပြည်နယ်တိုက်ပွဲတွေအတွင်း ကျားကန်နေရတဲ့ စစ်တိုင်းမှူး မြတ်သက်ဦးအတွက် နောက်ထပ် ပြဿနာကြီး တခုဟာ ၂၀၂၃ နှစ်ဆန်းပိုင်းမှာ ပေါ်ပေါက်လာပါတယ်။

အဲ့ဒီပြသနာကတော့ ရတခကွပ်ကဲမှုနယ်မြေအတွင်းက တပ်တည်၊တပ်လှုပ် ထိပ်တန်းလျှို့ဝှက်စာရင်းတွေ လူမှုကွန်ယက်မှာပြန့်နှံ့လာတာနဲ့ပတ်သက်ပြီး ရတခတိုင်းမှူး မြတ်သက်ဦးကို မတ်လက စတင်ကာ တိုင်းမှူးရာထူးကနေ အနားပေးကာ တိုင်းမှူးနေရာကို တပ်မ ၁၁ တပ်မမှူး (လက်ရှိတိုင်းမှူး) ဗိုလ်မှူးချုပ် စိုးမင်းနဲ့ အစားထိုးခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်က တိုင်းမှူး မြတ်သက်ဦးကို နေပြည်တော်ကို ခေါ်ဆောင်ကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

 

ဇာတိရွာက ထူးခြားမှုနဲ့ လူသတ်ပွဲ

တိုင်းမှူး မြတ်သက်ဦးကို နေပြည်တော်မှာ ခေါ်ယူစစ်ဆေးနေဆဲကာလ ဧပြီလအတွင်းမှာ ဇာတိစုန်းချောင်းရွာက သူ့ရဲ့ဆွေမျိုးမိသားစုဝင်တွေကို မုံရွာ နမခက စစ်သားတွေက တိတ်တဆိတ်ခေါ်ထုတ်သွားပါတယ်။

စစ်ဘက်အာဏာမရှိတော့တဲ့ တိုင်းမှူးဟောင်း မြတ်သက်ဦး ကို စစ်ခေါင်းဆောင်တွေက လာအိုသံအမတ်အဖြစ် ခန့်အပ်မယ့် အစီအစဉ်ရှိပြီးဖြစ်လို့ စုန်းချောင်းက သူ့ရဲ့ဆွေမျိုးတွေကို PDF တွေ အန္တရာယ်မပေးနိုင်ရေး ကြိုတင်ခေါ်ထုတ်သွားခဲ့တာလို့ နေပြည်တော်ကသတင်းရင်းမြစ်တဦးက ပြောပါတယ်။

မြတ်သက်ဦး တိုင်းမှူးတာဝန်ယူထားစဉ်က စုန်းချောင်းက သူ့ရဲ့ဆွေမျိုးတွေနေထိုင်ရာအိမ်မှာ စစ်ကောင်စီတပ်သား ၁၀ ဦးခန့်လုံခြုံရေးချပေးထားပေမယ့် သူ့ကိုအနားပေးလိုက်တဲ့နောက် အဲ့ဒီစစ်သားတွေကို ပြန်ရုတ်သွားသလို ဆွေမျိုးတွေကို ခေါ်ဆောင်သွားတာပါ။

စစ်အာဏာသိမ်းပြီးကတည်းက မြတ်သက်ဦးဆွေမျိုးတွေရဲ့ နေအိမ်စောင့်စစ်သားတွေရောက်ရှိနေတာဖြစ်ပြီး အဲ့ဒီစစ်သားတွေဟာ PDF တွေအနေနဲ့ သူတို့ကိုလာမတိုက်ဖို့၊ သူတို့ဘက်ကလည်းရွာကို အန္တရာယ်မပေးဘူးဆိုတဲ့ သဘောတူညီချက်ထားရှိထားတယ်လို့ ယင်းမာပင်နယ်ထဲလှုပ်ရှားနေတဲ့ PDF ၂ ဖွဲ့က ပြောပါတယ်။

မြတ်သက်ဦးဆွေမျိုးတွေကို စုန်းချောင်းက ခေါ်ထုတ်သွားပြီးတဲ့နောက် ဇူလိုင်လထဲမှာပဲ စစ်ကောင်စီတပ်က ပထမဆုံးအကြိမ်အဖြစ် စုန်းချောင်းကို စစ်ကြောင်းထိုးပြီး ရွာပကဖအဖွဲ့တချို့အပါအဝင် အမျိုးသား ၁၄ ဦးကို ဖမ်းဆီးကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။

 

၅ လကြာ သံအမတ်ကြီး မြတ်သက်ဦး

တိုင်းမှူးဟောင်း မြတ်သက်ဦးကို နေပြည်တော်စစ်ရုံးရှိ ဘုရင့်နောင်ရိပ်သာမှာ အကျယ်ချုပ်နဲ့ ၃လကြာ စစ်ဆေးပြီးနောက် ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေဟာ သူနဲ့တိုက်ရိုက်သက်ဆိုင်ခြင်းမရှိတာကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြောင်းရွှေ့ပြီး လာအိုနိုင်ငံ၊ သံအမတ်ကြီးအဖြစ် ဇွန်လအတွင်းမှာ ခန့်အပ်ခဲ့ပါတယ်။

သို့သော် ခန့်အပ်ပြီး ၅ လ အကြာ နိုဝင်ဘာလနောက်ဆုံးပတ်မှာဘဲ သံအမတ်ကြီးအဖြစ်ကနေ နေပြည်တော်ကို ပြန်လည်ခေါ်ဆောင်ခံရပြီး ထပ်မံစစ်ဆေးခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းက မြတ်သက်ဦးရဲ့ သူငယ်ချင်းဖြစ်သူ တပတ်စဉ်တည်းဆင်း မပခတိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နဲ့ စစ်အရာရှိကြီးတချို့ကို နေပြည်တော်ကိုခေါ်ဆောင်စစ်ဆေးခဲ့ပြီးတဲ့နောက် အောက်တိုဘာလ နောက်ဆုံးအပတ်မှာ ဗိုလ်ချုပ် ကိုကိုမောင် ကို စစ်တရားရုံးနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပါတယ်။

ဗိုလ်ချုပ် ကိုကိုမောင် ဟာ မပခတိုင်းမှူးတာဝန်ယူစဉ်အတွင်း စစ်ကိုင်းတိုင်းနဲ့ဖားကန့်ဒေသကို ဖောက်ခွဲရေးယမ်းတွေသယ်ယူရာမှာ လာဘ်ယူကာခွင့်ပြုတာ၊ အာဏာအလွဲသုံးပြီး ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ခွင့်ပေးတာ၊ စစ်စည်းကမ်းဖောက်ဖျက်တာ စတဲ့ပြစ်မှုတွေနဲ့ စစ်တရားရုံးက ထောင် ၁၀ နှစ်ချမှတ်ခဲ့တာလို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

မပခတိုင်းမှူးဟောင်း သံအမတ်ကြီး မြတ်သက်ဦး ကလည်း သူငယ်ချင်းဖြစ်သူ ဗိုလ်ချုပ် ကိုကိုမောင်နဲ့ အမှုတွဲအဖြစ် နိုဝင်ဘာလမှာ ပြန်ခေါ်စစ်ဆေးခံရတာဖြစ်ပြီး ၂ လအကြာ အခုဇန်နဝါရီလအတွင်းမှာ ဗိုလ်ချုပ် ကိုကိုမောင်နဲ့ ကာလတူ ထောင်ဒဏ် ၁၀ နှစ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ 

ဗိုလ်ချုပ် မြတ်သက်ဦး ဟာ သူတာဝန်ယူခဲ့တဲ့တိုင်းစစ်ဌာနချုပ်နယ်မြေတွေမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်မဲ့အရပ်သားတွေ အပေါ်သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ယူရမှာဖြစ်ပြီး စစ်ခေါင်းဆောင်တွေကတော့ သူ့ရဲ့အထက်ကနေ အလုံးစုံတာဝန်ခံရမှာပါ။

စစ်တပ်အာဏာသိမ်းမှုမှာ ပူးပေါင်းပါဝင်ကာ စစ်ခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်ခဲ့တဲ့ စစ်တိုင်း ၂ ခုရဲ့ တိုင်းမှူးဟောင်း ဗိုလ်ချုပ် မြတ်သက်ဦးရဲ့အဆုံးသတ်ဟာ မလှပခဲ့ဘဲ ဇနီးဖြစ်သူ ဒေါ်မီမီဆွေလှိုင် နဲ့ သား ၂ ဦးကို ထားရစ်ကာ ထောင်နန်းစံခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ မှာ လာဘ်စားမှုကိုအကြောင်းပြပြီး ရာထူးကနေဖြုတ်ချခံခဲ့ရတာဟာ ဗိုလ်ချုပ် မြတ်သက်ဦး အပါအဝင် စစ်ဗိုလ်ချုပ် ၉ ဦးထက် မနည်းရှိပါတယ်။ အဲဒီအထဲက ၅ ဦးဟာ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံခဲ့ရပြီး သတင်းအစအန ပျောက်နေတဲ့ စစ်ဗိုလ်ချုပ်တွေလည်း ရှိနေပါသေးတယ်။

#မြေလတ်အသံ

#ဆောင်းပါး #ရုပ်ပုံလွှာ #စစ်ဗိုလ်ချုပ် #ရတခ #မပခ #လာအိုသံအမတ် #ဗိုလ်ချုပ် #မြတ်သက်ဦး #စစ်ကိုင်း #ယင်းမာပင် #စုန်းချောင်းရွာ #အညာသား #ထောင်ဒဏ် #ပြစ်ဒဏ်ကျ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10