နိုင်ကျဉ်းတဦးသေဆုံးမှုကို ရုတ်တရက်နှလုံးဖောက်ခြင်းကြောင့်လို့ အကျဉ်းထောင်မှတ်တမ်းတွင်ဖော်ပြဟုဆို

နိုင်ကျဉ်းတဦးသေဆုံးမှုကို ရုတ်တရက်နှလုံးဖောက်ခြင်းကြောင့်လို့ အကျဉ်းထောင်မှတ်တမ်းတွင်ဖော်ပြဟုဆို

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီအကျဉ်းထောင်က နိုင်ကျဉ်းတဦး သေဆုံးမှုကို ရုတ်တရက်နှလုံးဖောက်သေဆုံးခြင်းဖြစ်ကြောင်း အကျဉ်းထောင်မှတ်တမ်းမှာ ဖော်ပြထားတယ်လို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဇန်နဝါရီ ၁၇ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူ ကိုသူရအောင် (ခ) ကိုကုလားကြီး ၃၂ နှစ်ကို ၂၀၂၄ ဇွန်  ၂၃ ရက်မှာ မြောက်ဥက္ကလာပ နယ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ကိုလက်နက်ပုဒ်မ ၂၃ (က) နဲ့ စစ်ခုံရုံးကထောင်ဒဏ် ၃ နှစ်ပြစ်ဒဏ်ချမှတ်ထားတာဖြစ်တယ်လို့  PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ကိုသူရအောင် အဖမ်းခံရချိန်မှာ နှလုံးနှင့်ပတ်သက်တဲ့ရောဂါမရှိဘဲ ကျန်းမာသန်စွမ်းသူတစ်ဦးသာ ဖြစ်တယ်လို့ သိထားရကြောင်း သူကဆိုပါတယ်။  

"ထောင်အာဏာပိုင်တွေရဲ့ လက်ရှိမှတ်တမ်းမှာတော့ ရုတ်တရက်နှလုံးဖောက်ပြီး ဆုံးတယ်ဆိုတာပဲ မှတ်တမ်းမှာရှိတယ်ပေါ့။ လက်တွေ့မှာ ဘယ်လိုဆုံးတာတော့ ကျနော်တို့အဖွဲ့အနေနဲ့ သိရှိဖို့တောင် ခက်ခဲနေတဲ့ကာလဖြစ်တယ်။ ဒါကြောင့် စုံစမ်းဖို့ လိုအပ်တယ်လို့ ထောက်ပြချင်ပါတယ်။” လို့ သိုက်ထွန်းဦးကပြောပါတယ်။

မိသားစုက ကိုသူရ‌အောင် ပျောက်ဆုံးနေတယ်လို့သာ သိထားပြီး PPNM က ထောင်တွင်းမှာ ကိုသူရအောင်သေဆုံးကြောင်း ထုတ်ပြန်တဲ့အခါမှသာ  ဖမ်းဆီးခံရတာကို သိရှိခြင်းဖြစ်တယ်လို့ သူက ဆိုပါတယ်။

သင်္ဂြိုဟ်တာမှာလည်း  မိသားစုပါဝင်တာမတွေ့ရဘဲ အကျဉ်းဦးစီးဌာနကသာ လုပ်သွားတာဖြစ်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။ 

"အခုချိန် အကျဥ်းထောင်တွေမှာ လုံလောက်တဲ့ဆေးဝါးရရှိမှုနဲ့ ဆေးဝါး၊ ဆရာဝန်တွေ လိုအပ်ချက်များစွာ ရှိနေသေးတယ်။ ဒါကြောင့်မို့ ICRC လို အဖွဲ့အစည်းတွေအနေနဲ့ အကျဥ်းထောင်ထဲကိုဝင်ခွင့်ရရေး အရင်ကထက်ပိုပြီးတော့ကြိုးစားပေးဖို့ တိုက်တွန်းချင်တယ်။” လို့ သူကဆိုပါတယ်။

ဇန်နဝါရီ ၁၀ ရက်ကလည်း  ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်တွင်းမှာ ပုဒ်မ ၅၁(ဂ)/ ၅၂(ခ)တို့နဲ့ ထောင် ၁၂ နှစ်ချခံထားရသူ နိုင်ငံရေးအကျဉ်းသား ကိုမျိုးမင်းဦးဟာ လုံလောက်တဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုမရတဲ့အတွက် ဆီးကျောက်ရောဂါနဲ့ သေဆုံးခဲ့သေးတယ်လို့  ဇန်နဝါရီ ၁၂ ရက်မှာ PPNM က ထုတ်ပြန်ခဲ့ပါတယ်။ 

၂၀၂၄ တနှစ်တာအတွင်း အကျဥ်းထောင်အသီးသီးမှာ အကျဥ်းကျနေချိန် ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရလို့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ စုစုပေါင်း ၃၄ ဦးရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM)ရဲ့  မှတ်တမ်းမှာဖော်ပြပါတယ်။

စစ်ကောင်စီက သူတို့ဖမ်းဆီးထားစဉ် သေဆုံးတဲ့ အကျဉ်းထောင်နဲ့ စစ်ကြောရေးရောက် လူကြီးနဲ့ လူငယ်အားလုံးဟာ ရုတ်တရက်ရောဂါဖောက်ပြီး သေဆုံးကြသူတွေသာဖြစ်တယ်လို့ မကြာခဏအကြောင်းပြလေ့ရှိပါတယ်။   

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်‌ရှောက်ရေးအသင်း AAPP ရဲ့ ဇန်နဝါရီ ၁၇ ရက် ထုတ်ပြန်ချက်အရ ၂၀၂၁ စစ်အာဏာသိမ်းချိန်ကစလို့  ၂၀၂၅ ဇန်နဝါရီ ၁၇ ရက်ထိ စစ်အုပ်စုနဲ့ ၎င်း၏လက်ပါးစေတွေကြောင့် သေဆုံးသူ ၆,၁၈၆ ဦးရှိတယ်လို့ သိရပါတယ်။ 

ပုံစာ - သာယာဝတီအကျဉ်းထောင်အတွင်း သေဆုံးသူ ကိုသူရအောင်/ PPNM 

စာတည်း - ဟယ်ရီ

#မြေလတ်အသံ

#သာယာဝတီ #အကျဉ်းထောင် #နိုင်ကျဉ်း #သေဆုံး #နှလုံးရောဂါ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10