နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူးကို စစ်အုပ်စုက မကြာခဏလာရှာတဲ့အပြင် ရွာသားတွေကိုပါ ဖမ်းဆီးရိုက်နှက်နေ

နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူးကို စစ်အုပ်စုက မကြာခဏလာရှာတဲ့အပြင် ရွာသားတွေကိုပါ ဖမ်းဆီးရိုက်နှက်နေ

ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူမြို့နယ်မှာ နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီတပ်တွေက မကြာခဏနေအိမ်ကိုလာရှာတဲ့အပြင် အနီးရှိကျေးရွာသားတွေကိုလည်း ဖမ်းဆီးရိုက်နှက်တာတွေ လုပ်နေတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

တောင်ငူမြို့နယ်၊ ပဒဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို နိုဝင်ဘာလဆန်းပိုင်းနဲ့ နိုဝင်ဘာလလယ်လောက်မှာ ပျူစောထီးတွေနဲ့ စစ်သားတွေက ညအချိန်တွေမှာ လာရောက်ရှာဖွေတာလို့ ဆိုပါတယ်။

အဲဒီအုပ်ချုပ်ရေးမှူးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ တတိယပတ်ထဲမှာ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို နုတ်ထွက်စာတင်ပြီးနောက် ကျေးရွာကနေ တိမ်းရှောင်ခဲ့ရတာလို့ ဆိုပါတယ်။ သူရဲ့ အမည်ကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

ခြင်ထောင်တွေပါ ဖွင့်ပြီးရှာတာ။ ရွာထဲမှာအထိုင်ချနေတဲ့ စစ်အုပ်စုက လာရှာတာ"  လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ကျေးရွာထဲက အခြားနေအိမ်တွေကိုလည်း စစ်အုပ်စုက  "တံခါးမဖွင့်ရင် ပစ်သတ်မယ်" ဆိုကာ ခြိမ်ခြောက်ရှာဖွေတာတွေလုပ်တဲ့အပြင် ရွာသားအချို့ကိုလည်း အထိုင်ချရာစခန်းကို ဖမ်းခေါ်ပြီး ရိုက်နှက်တာတွေ လုပ်တယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီစစ်အုပ်စုတွေဟာ လက်ရှိအချိန်ထိ ပဒဲကျေးရွာမှာပဲ စခန်းချထားပြီး ညတိုင်းနီးပါး သေနတ်ပစ်ဖောက်တာတွေ လုပ်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီခွဲလောက်ကလည်း ပဒဲကျေးရွာက အသက် ၆၀ နှစ်အရွယ် ဦးဝင်ရွှေနဲ့ အသက် ၅၂ နှစ်အရွယ် ဦးစံဝင်းတို့ကိုလည်း PDF ကို ထောက်ပံ့လို့ဆိုပြီး ဖမ်းဆီးသွားကာ နိုဝင်ဘာလ ၂၅ ရက် ဒီနေ့အထိ မိသားစုနဲ့ အဆက်အသွယ်မရဘူးလို့ သိရပါတယ်။ 

ဒါ့အပြင်နိုဝင်ဘာလ ၁၉ ရက်ညမှာလည်း ဖခင်ကိုမတွေ့လို့ဆိုကာ အသက်  ၂၈ နှစ်အရွယ်ညီအကို ၂ ဦးကို ဒိုးအင်းစစ်ကောင်စီစခန်းကို ဖမ်းဆီးသွားပြီး ရိုက်နှက်စစ်ဆေးကာ နောက်တနေ့မှ ပြန်လွှတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီစစ်အုပ်စုဟာ ပဒဲကျေးရွာကို အခုနှစ်မေလလောက်ကစပြီး လျှပ်စစ်မီးတွေလည်း ဖြတ်ထားပြီး   ကျေးရွာအတွင်းက လူငယ်တွေလည်း တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

 

စာတည်း - လင်း

 #မြေလတ်အသံ

#ပဲခူး #တောင်ငူ #ပဒဲ #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး #ထွက်စာတင် #ရှာဖွေ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10