နေပြည်တော်အနီးနယ်မြေက ပြည်သူ့စစ်တွေကို လက်နက်တပ်ပေးပြီး အင်အားဖြည့် (သတင်းဆောင်းပါး)

နေပြည်တော်အနီးနယ်မြေက ပြည်သူ့စစ်တွေကို လက်နက်တပ်ပေးပြီး အင်အားဖြည့် (သတင်းဆောင်းပါး)

 

စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်နယ်မြေနဲ့ တဆက်တည်းရှိနေတဲ့ ပဲခူးတိုင်း(အရှေ့ခြမ်း)မြို့နယ်တွေက စစ်တပ်လက်အောက်ပြည်သူ့စစ် (ဒေသအခေါ် ပျူစောထီး)တွေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်နေ့မှာ လက်နက်တပ်ဆင်ပေးအပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ကောင်စီထုတ်ပြန်ချက်တွေအရ သိရပါတယ်။

တောင်ပိုင်းစစ်ဌာနချုပ်အခြေစိုက်ရာမြို့လည်းဖြစ်တဲ့ တောင်ငူမြို့ရှိ လေတပ်စခန်းဌာနချုပ်ခန်းမမှာ ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးတဲ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်မီဒီယာတွေမှာလည်း အဲ့ဒီနေ့ ညပိုင်းမှာပဲ ထုတ်ပြန်ပါတယ်။

နေပြည်တော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် လာရောက်ကာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်လည်း တက်ရောက်ပေးအပ်တာလို့ စစ်ကောင်စီက ဆိုပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်ဟာ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးတွေကိုကွပ်ကဲရတဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က အမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်တာကြောင့် လက်နက်တပ်ဆင်ပွဲကို သူဦးစီးပြီးပြုလုပ်တာပါ။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရ ပဲခူး(အရှေ့ခြမ်း)ပြည်သူ့စစ်တွေလို့သာ ဖော်ပြပြီး ဘယ်မြို့နယ်က ပြည်သူ့စစ်တွေဆိုတာနဲ့ တပ်ဆင်ပေးလိုက်တဲ့ လူ၊လက်နက်အင်အားကိုတော့ ထည့်သွင်းဖော်ပြမထားပါဘူး။

ဒါပေမယ့် လက်နက်ရရှိတဲ့ပြည်သူ့စစ်တွေဟာ ရေတာရှည်၊ တောင်ငူနဲ့ အုတ်တွင်းမြို့နယ်တွေရဲ့ ကျေးရွာတွေက ပြည်သူ့စစ်အများစု ပါဝင်တယ်လို့ တောင်ငူခရိုင်အတွင်း ဒေသခံတွေဆီက ရရှိတဲ့အချက်အလက်တွေကို ကိုးကားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ဦးတင်ဦးက မြေလတ်အသံကို ပြောပါတယ်။

“ ပြီးခဲ့တဲ့လက တောင်ငူ၊ ရေတာရှည်၊ အုတ်တွင်းမြို့နယ်တွေဘက်မှာ တရွာ ၁၅ ဦး၊ ၂၀ ဦး မဖြစ်မနေတောင်းခံထားတဲ့သူတွေလို့ သိရတယ်” လို့ သူက ပြောပါတယ်။

ရေတာရှည်မြို့နယ် ကြာအင်းကုန်း၊ တောင်အင်းကုန်းနဲ့ ဌက်ပျောတောကျေးရွာတွေက ပြည်သူ့စစ် (ဒေသအခေါ် ပျူစောထီး)တွေလည်း လက်နက်ရရှိတဲ့အထဲပါဝင်ပြီး အဲ့ဒီရွာတွေဟာ ပျူစောထီးအားကောင်းတဲ့ရွာတွေဖြစ်တယ်လို့ ရေတာရှည်ဒေသခံတဦးကလည်း ပြောပါတယ်။

“ လက်နက်ရတဲ့အထဲ အဲ့ဒီရွာတွေက ပျူတွေပါတယ်။ အရေအတွက်တော့ အတိအကျမသိဘူး “ လို့ ဆိုပါတယ်။

ရေတာရှည်မြို့နယ်ထဲက မြို့လှနဲ့ သာဝတ္တိမြို့တွေဟာ နေပြည်တော် လယ်ဝေး ၊ပျဉ်းမနားမြို့နယ်တွေနဲ့ တဆက်တည်း ထိစပ်တည်ရှိနေတာဖြစ်ပြီး ရေတာရှည်မြို့နယ်အတွင်းအခြေပြုတဲ့ တော်လှန်ရေးအင်အားစုတွေဟာလည်း နေပြည်တော်နယ်မြေနဲ့ အနီးတဝိုက်နေရာတွေအထိ တက်ရောက်လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။

အဆိုပါ လက်နက်ပေးအပ်ပွဲ ဓာတ်ပုံမှတ်တမ်းတွေအရ ပြည်သူ့စစ်တွေကိုပေးအပ်တဲ့ လက်နက်တွေဟာ  ရဲတပ်ဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ BA 63 အမျိုးအစား တပတ်နွမ်းမောင်းပြန်သေနတ်တွေနဲ့ ကာဘိုင် ၁ တောင့်ထိုးတွေဖြစ်ပြီး တက်ရောက်တဲ့ ပြည်သူ့စစ်အင်အားက ၂၀၀ ဝန်းကျင်ရှိကာ သက်ကြီးပိုင်းအရွယ်အများစုကို တွေ့ရတာပါ။

ပဲခူးအရှေ့ခြမ်း ပြည်သူ့စစ်တွေကို အခုလိုလက်နက်တပ်ဆင်ပေးတာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၉ ရက်က ပထမအကြိမ် လက်နက်တပ်ဆင်ပေးခဲ့ကာ အဲ့ဒီတပ်ဆင်ပွဲကို ယင်းကာလက စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြတ်၊ ပြည်သူ့စစ်နဲ့ နယ်ခြားတပ်များညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ပိုင်ဦးတို့ တက်ရောက်တာလည်း ဖြစ်ပါတယ်။

ပထမအကြိမ်ပေးအပ်ပွဲမှာလည်း ပဲခူး(အရှေ့ခြမ်း)လို့သာ ဖော်ပြပြီး ဘယ်မြို့နယ်တွေက ပြည်သူ့စစ်တွေဆိုတဲ့ လူ၊ လက်နက်အင်အား ဖော်ပြတာမျိုးမရှိပေမယ့် အခုလို ဒုတိယအကြိမ်လက်နက်တပ်ဆင်ပေးတာနဲ့ ပထမအကြိမ်ဟာ အချိန် ၄ လသာ ကွာဟနေတာပါ။

ပုံစာ - စက်တင်ဘာလ ၁၉ ရက်က ပထမအကြိမ် လက်နက်တပ်ဆင်ပေးခဲ့စဉ်။
ပုံစာ - စက်တင်ဘာလ ၁၉ ရက်က ပထမအကြိမ် လက်နက်တပ်ဆင်ပေးခဲ့စဉ်။

စစ်ကောင်စီလက်အောက်ပြည်သူ့စစ်တွေကိုလည်း မည်သို့ပင်ဆိုစေ စစ်တပ်ကိုကူညီသူတွေအဖြစ်သတ်မှတ်ကာ တတန်းတည်းထား တိုက်ခိုက်သွားမှာဖြစ်တယ်လို့  ဒုစစ်ဒေသခွဲမှူး ဦးတင်ဦးက ပြောပါတယ်။

" ခုအသစ်ဖွဲ့တဲ့ ပြည်သူစစ်တွေကို လက်နက်တပ်ဆင်ပေးလည်း ကျနော်တို့အတွက်က ထူးထွေပြသနာမရှိပါဘူး။ ဒါက ပြည်သူချင်း ရန်တိုက်ပေးတာပါပဲ။ ခုဟာကလည်း စစ်တပ်က အင်အားပြုန်းတီးနေတာကို ပြည်သူ့စစ်နဲ့ အစားထိုးဖို့ပါ” လို့ ပြောပါတယ်။

နေပြည်တော်နယ်မြေအတွင်းမှာ ဇန်နဝါရီဒုတိယပတ်အတွင်းကစတင်ကာ လုံခြုံရေးအဆမတန်တိုးမြှင့်တင်းကျပ်ထားပြီး အဓိကအားဖြင့် လယ်ဝေးမြို့နယ်နဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ လမ်းဟောင်းတလျှောက်နေရာတွေမှာ လုံခြုံရေးအင်အားတိုးမြှင့်ထားတာလို့ နေပြည်တော်ရှိ တပ်နဲ့ရဲအသိုင်းအဝိုင်းထံကသိရပါတယ်။

နေပြည်တော်နဲ့အနီးတဝိုက်ပတ်လည်မှာ အင်အားသုံးကာ လုံခြုံရေးတွေတိုးမြှင့်ချထားရချိန် ရေတာရှည်နဲ့ တောင်ငူနယ်တွေက ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်တာဟာ တပ်နဲ့ရဲအင်အားအပြင် ပြည်သူ့စစ်တွေနဲ့ပါ နေပြည်တော်ကို ပိုမိုကာကွယ်နိုင်ရေးလုပ်ဆောင်တာလို့ မြန်မာစစ်တပ်အတွင်း ၁၀  နှစ်ကျော်တာဝန်ထမ်းဆောင်ဖူးသူ CDM တပ်မတော်သားတဦးက သုံးသပ်ပြောဆိုပါတယ်။

“ နေပြည်တော်ပတ်လည်မှာက နယ်မြေခံတပ်တွေ ခပ်စိပ်စိပ်ချပြီး ကာထားပြီးသား။ လယ်ဝေး စကခ ၆ ကလည်း နေပြည်တော်ကို အဓိက ကာဖို့ပဲ ထားထားတာ။ ဒါပေမယ့် တောင်ငူခရိုင်ထဲ တိုက်ပွဲပြင်းထန်ရင်တော့ စကခ ၆ တပ်တွေကိုတော့ စစ်ကူပို့တာမျိုးတွေ့ရတယ်။ ဆိုတော့ ဒီနယ်တွေကပျူတွေကို အလျင်စလို လက်နက်ပေးနေတာက နေပြည်တော်ရဲ့အပြင်စည်းကနေ သူတို့နဲ့ထပ်ကာတာလို့မြင်ပါတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ စစ်ကောင်စီအစည်းအဝေးတွေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူ့လုံခြုံရေးစနစ်ကို ဖော်ဆောင်မှာဖြစ်ပြီး အဲ့ဒီကနေတဆင့် ပြည်သူ့ကာကွယ်ရေးစနစ် ဆက်လက်ဖော်ဆောင်ဖို့ ၎င်းရဲ့လက်အောက်က စစ်ကောင်စီဝင်တွေကို ပြောဆိုပါတယ်။

အင်အားနည်းပါးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူ့လုံခြုံရေးစနစ်ကို ဖော်ဆောင်မယ်ဆိုကာ ပဲခူးတိုင်းအတွင်း မြို့နယ်အားလုံးက ကျေးရွာတွေမှာ ပြည်သူစစ်ဖွဲ့စည်းဖို့လုပ်ဆောင်နေကာ ကျေးရွာတွေမှာ တရွာအတွက် အနည်းဆုံး လူ ၂၀ မှ အများဆုံး လူ ၅၀ ထိ ပြည်သူ့စစ်အင်အားပေးဖို ဖိအားပေးတောင်းခံနေတာလည်း ဖြစ်ပါတယ်။

ပြည်သူစစ်အဖြစ်မဝင်လိုတဲ့ ကျေးရွာတွေကိုလည်း PDF အားပေးတဲ့ ကျေးရွာတွေအဖြစ်သတ်မှတ်ပြီး လုံခြုံရေးအာမခံချက်မပေးနိုင်ဘူးလို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်ထားသလို ပြည်သူစစ်ဖွဲ့ဖို့ငြင်းဆန်ပါက မဲနှိုက်စနစ်နဲ့ အတင်းအကြပ်ဝင်ခိုင်းနေကာ ပြည်သူစစ်ဖွဲ့ပြီးတဲ့ ကျေးရွာတွေမှာလည်း အဆိုပါ ပြည်သူ့စစ်တွေရဲ့ ရိက္ခာ၊ လစာအတွက်ဆိုကာ တအိမ်လျှင် တလကို ကျပ်  ၁ သောင်းမှ ၃ သောင်းအထိပေးဆောင်နေရတယ်လို့ ပဲခူးတိုင်းအတွင်းရှိ ဒေသခံတွေက ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ ပြည်သူစစ်ထဲမဝင်ဖို့ မဖြစ်မနေ ဖိအားပေးခံရပြီး ဝင်ရပါကလည်း စစ်ကောင်စီဘက်က လက်နက်တပ်ဆင် တိုက်ခိုက်ခိုင်းလာရင် တော်လှန်ရေးအင်အားစုတွေထံ အမြန်လာရောက်ပူးပေါင်းဖို့ PDF တောင်ပိုင်းတိုင်းစစ်ဒေသကလည်း အသိပေးထုတ်ပြန်ထားပါတယ်။

ပြည်သူတွေအနေနဲ့လည်း ပြည်သူ့စစ်၊ စစ်ကောင်စီတပ်တွေနဲ့ဝေးရာမှာနေဖို့နဲ့ အခြေနေတရပ်ရပ်ကြောင့် အနီးကပ်နေထိုင်နေရရင်လည်း စစ်ကောင်စီနဲ့ပြည်သူစစ်တွေရဲ့ လှုပ်ရှားမှုသတင်းတွေကို တော်လှန်ရေးအင်အားစုတွေထံ သတင်းပေးကြဖို့လည်း တောင်းဆိုထားပါတယ်။

#မြေလတ်အသံ

#ဆောင်းပါ #သတင်းဆောင်းပါး #နေပြည်တော် #အပြင်စည်း #ပြည်သူ့စစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10