နေရပ်ပြန်တွေကို စစ်ကောင်စီက ပစ်ခတ်လို့ မိခင် ၁ ဦး နှလုံးရပ်သေဆုံးပြီး ကလေး ၃ ဦး ကျန်ရစ်ခဲ့

နေရပ်ပြန်တွေကို စစ်ကောင်စီက ပစ်ခတ်လို့ မိခင် ၁ ဦး နှလုံးရပ်သေဆုံးပြီး ကလေး ၃ ဦး ကျန်ရစ်ခဲ့

 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ယင်းယိမ်ကျေးရွာမှာ နေတဲ့ မိသားစုဝင် ၅ ဦးဟာ မိမိတို့နေထိုင်တဲ့ နေရပ်ကိုပြန်လာချိန် စစ်ကောင်စီရဲ့ လက်နက်တွေနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦးဟာ နှလုံးရပ်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၃၀ ရက်နေ့ မနေ့က မနက် ၈ နာရီချိန်လောက်မှာ မမာမာဝင်းတို့ မိသားစုဝင် ၅ ဦးဟာ နေရပ်ကို ပြန်လာချိန် ကနီမြို့နယ်၊ သပြေတောကျေးရွာနားရောက်ချိန် စစ်ကောင်စီတပ်ဖွဲ့ဟာ ရေယာဉ်ပေါ်ကနေ လက်နက်တွေနဲ့ပစ်ခတ်ခဲ့လို့ မမာမာဝင်းဟာ နှလုံးရပ်ပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

မမာမာဝင်း သေဆုံးမှုနဲ့ ပက်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေက တာဝန်ယူခြင်းမရှိတဲ့အပြင် သေဆုံးသူရဲ့ ရုပ်အလောင်းကို အဆင်ပြေတဲ့ နေရာမှာသာ မြေမြှုပ်လိုက်ဖို့နဲ့ ပစ်ခတ်မှုတွေ ရှိနေတဲ့အတွက် နေရပ်ကိုပြန်လို့မရဘူးလို့လည်း ဆိုပါတယ်။

“သူတို့(စစ်ကောင်စီ) သေနတ်ပစ်ဖောက်လိုက်တော့ မမာမာဝင်းက အမောဖောက်ပြီး အသက်မရှူတော့ဘူး။ သူ့ယောကျာ်းကလည်း သူနားလည်သလောက် ရင်ဘတ်ကို ဖိနှိပ်ပေးတယ်။ နောက်ပိုင်းအသက်မရှူလာတော့ စ** တွေကိုကြောက်ပြီး ကမ်းကပ်လိုက်တဲ့အချိန်  စ** တွေက စမ်းပြီးတော့ ခများအမျိုးသမီး အသက်မရှိတော့ဘူး။ အောက်ကိုစုန်သွား အထက်ကိုတော့ တက်မရဘူး တိုက်ပွဲဖြစ်နေတယ်။ အလောင်းကိုလည်း အဆင်ပြေတဲ့နေရာမှာ သဂြိုလ်လိုက်” လို့ ပြောပါတယ်။

မမာမာဝင်းဟာ အသက် (၄၁) အရွယ် ကလေးသုံးယောက်အမေ ဖြစ်ပါတယ်။ သူတို့မိသားစုဟာ တံငါငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်နေကြသူတွေဖြစ်ပြီး သူတို့မှာ အသက် (၁၃) နှစ်အရွယ် သားအကြီး၊ အသက် (၁၁) အရွယ်နဲ့ ၉ နှစ် အရွယ် သားသမီး သုံးဦးရှိတယ်လို့ သိရပါတယ်။

“သူရဲ့(မမာမာဝင်း)အမျိုးသား နာမည်ကိုတော့ မမေးခဲ့လိုက်ရဘူး။ ကလေးတွေရဲ့ နာမည်ရောပဲ။ သူ့အဖေပြောတဲ့စကားထဲမှာတော့ သူ့ကလေးသုံးယောက်က တယောက်ကို ၂ နှစ်စီ ကွာတယ်တဲ့။ ကလေးတွေကို သနားလို့ ကျတော်လည်း ဘာမှဆက်မမေးတော့ဘူး။ မမာမာဝင်းရဲ့ အလောင်းကိုတော့ မုံရွာနားအနီးတဝိုက် နေရာတနေရာမှာ သဂြိုလ်ခဲ့ပါတယ်” လို့ ကနီဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ မမာမာဝင်းရဲ့အမျိုးသားဟာ သူ့ရဲ့သားသမီး ၃ ဦးနဲ့အတူ ငါးဖမ်းအလုပ်ကို ပြန်လည်လုပ်ကိုင်နေပြီး ဝမ်းရေးအတွက် ရှာဖွေနေရတယ်လို့လည်း ဆိုပါတယ်။ 

မမာမာဝင်း နည်းတူ ကနီမြို့နယ်ထဲက အမျိုးသမီးတဦးဟာလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမောစို့ပြီး သေဆုံးခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10