နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်တွေအတွက် သိန်း ၁၀၀ ကျော်ဖိုး ထောက်ပံ့

နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်တွေအတွက် သိန်း ၁၀၀ ကျော်ဖိုး ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်က နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်တွေကို ဧပြီ ၁၁ ရက်က ထောက်ပံ့ပစ္စည်းတွေပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။

ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ် မြောက်ဘက်ခြမ်းမှာ ရှိတဲ့ကျေးရွာတွေကို အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက လှည့်လည်စစ်ကြောင်းထိုးနေတာကြောင့် မတ် ၂၂ ရက်ကတည်းက ရှောင်တိမ်းနေကြရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်မှာတော့ စစ်ကြောင်းဟာ မုံရွာ နမခဘက်ကို ပြန်လည်ဆုတ်ခွါသွားပေမယ့် စစ်ရှောင်တွေ နေရပ်မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။ 

စစ်ရှောင်စခန်းတွေကို ဆန်၊ ဆီ၊ ကုန်ခြောက်တွေနဲ့၊ ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို ထောက်ပံ့ပေးခဲ့ပြီး သောက်သုံးရေရရှိဖို့နဲ့ လျှပ်စစ်မီးယာယီရရှိဖို့အတွက်ပါ စုစုပေါင်း ကာလတန်ဖိုးကျပ်သိန်း ၁၀၀ ဝန်းကျင်ခန့် ကူညီပေးခဲ့တယ်လို့ ခရိုင်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

"အကုန်လုံး ရွာပြန်မရောက်သေးပါဘူး။ တချို့တဝက်တော့ ပြန်နေကြပြီ။ စစ်ရှောင်မှတော့ အသက်လု ထွက်ပြေးလာကြရတယ်။ စားဝတ်နေရေး ခက်ခဲနေလို့ ထောက်ပံ့ရတာပါ" လို့ယင်းမာပင် ခရိုင်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ရှောင်နေရတဲ့ ပြည်သူ ၆၅၀၀ ကျော်အတွက် မတ် ၂၂ ရက်ကတည်းက နေ့စဉ်ဆိုသလို တတ်နိုင်သလောက်ကူညီခဲ့ရာ ဧပြီလအတွင်းမှာ စစ်ကြောင်းထပ်မံထိုးလာတဲ့အတွက် စစ်ရှောင်ဦးရေ ၁၀၀၀၀ ကျော်ထိ ပိုမိုများလာခဲ့တာလို့ သူကဆက်ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေ စားဝတ်နေရေး အဆင်ပြေဖို့အတွက် ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူ မြို့နယ်ကူညီကယ်ဆယ်ရေးနဲ့ လူသားစာနာတာဝန်ခံ၊ ယင်းမာပင်-ဆားလင်းကြီး ပကဖ အဖွဲ့များ ပူးပေါင်းကူညီခဲ့တယ်လို့ ဆိုပါတယ်။ 

အလားတူ စစ်ရှောင်ပြည်သူတွေ စားဝတ်နေရေးအဆင်ပြေနိုင်ဖို့အတွက် ပြည်သူမှပြည်သူသို့ကူညီရေးအဖွဲ့၊ အညာပစ်တိုင်းထောင်လေးများအဖွဲ့၊ ချင်းတွင်းမြစ်ကမ်းဘေးသပိတ်ကော်မတီ စတဲ့အဖွဲ့တွေကလည်း ရိက္ခာတွေထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

ပုံစာ - နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်များကို ထောက်ပံ့ပေးနေစဥ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ဆားလင်းကြီး #စစ်ရှောင်ပြည်သူ #စားနပ်ရိက္ခာ #ကူညီထောက်ပံ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10