နေအိမ်တွေကို မီးရှို့ပြန်လာတဲ့ ပျုစောထီးတွေ ၆၀ မမနဲ့ ပစ်ခံရလို့ ၅ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ၊ တန့်ဆည်မြို့နယ်၊ ကျွန်းတောကုန်းရွာက နေအိမ်တွေကို မီးရှို့ပြီးပြန်လာတဲ့ ပျူစောထီးတပ်သားတွေ ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့  Civil Armed Force တပ်ဖွဲ့ဆီက သိရပါတယ်။

အင်္ကုက္ကားရွာက ပျူစောထီးတွေဟာ အင်အား ၁၀၀ ဝန်းကျင်နဲ့ ထွက်လာပြီး ကျွန်းတောကုန်းရွာကို မေ ၃၁  ရက် မနက်ပိုင်းမှာဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

အဲဲဒီနောက် နေ့လယ် ၁၁နာရီခွဲလောက်မှာ အင်္ကုက္ကားကျေးရွာထဲကို နောက်တကြိမ် ပြန်ဝင်လာချိန် အသင့်စောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ၆၀ မမ ၄ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၅ ဦးသေဆုံးပြီး ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Civil Armed Force တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျွန်းတောကုန်းရွာမှာ အိမ်ခြေဘယ်လောက်မှ မကျန်တော့ဘူး၊ သူတို့မီးရှို့ထားလို့ မကုန်တဲ့အိမ်တွေကို လာပြန်ရှို့တာ၊ သူတို့ရွာထဲအဝင် ကျနော်တို့ ပထမဆုံးပစ်လိုက်တဲ့အလုံးဆို သူတို့လူအုပ်ကြီးကြားကျတာ၊ ထိခိုက်သေဆုံးတာကိုလည်း အတွင်းသတင်းအရ သိရတယ်။” လို့  Civil Armed Force တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ပျုစောထီးတွေဘက်ကလည်း လက်နက်ကြီးများစွာနဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို Drone တွေနဲ့လည်း လိုက်လံပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူပိုင်ကားတစီး ထိမှန်ပျက်စီးသွားပြီး ကာကွယ်ရေးရဲဘော်တွေကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီရက် ညဘက်မှာလည်း အင်္ကုက္ကားရွာက ပျုစောထီးတွေဟာ Drone တွေနဲ့ ကျွန်းတောကုန်းရွာနဲ့ ကာကွယ်ရေးအဖွဲ့တွေရှိမယ်ထင်တဲ့ နေရာတွေကို လိုက်လံပစ်ခတ်တာမျိုးတွေပြုလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။ 

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသွားတဲ့အထဲမှာ ပျူခေါင်းဆောင် ဦးညွန့်ခိုင်နဲ့ ဦးဝါသဝရဲ့ ညာလက်ရုံးဖြစ်တဲ့ စနိုက်ပါဇော်မိုးတို့ သေဆုံးသွားတယ်လို့လည်း အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“တန့်ဆည်ဆေးရုံမှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဆေးဝါးကုသနေတယ်၊ ဟိုသေဆုံးတဲ့ ၂ ယောက်ကိုတော့ ကျနော်တို့ သေချာအောင် လိုက်ထောက်နေတယ်။ သူတို့ဘက်ကထိခိုက်တာတွေ များလို့ထင်တယ် ဒီမနက်အထိ လက်နက်ကြီးတွေ ၊ Drone တွေ နဲ့ ပစ်နေတုန်းပဲ ” လို့  ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Civil Armed Force (CAF) ၊ (ဗဟို + CAF တပ်ခွဲ TXF ) နဲ့ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ကျွန်းတောကုန်းရွာကို အခုလိုမီးရှို့ခံရတာ ၃ ကြိမ်မြောက်ရှိပြီကာ ပြီးခဲ့တဲ့ ၂၀၂၂ ဇူလိုင်မှာ တကြိမ် ၊ ၂၀၂၃ ဇန်နဝါရီမှာ တကြိမ်၊ အခုနှစ် မေ ၃၁ ရက်မှာတကြိမ် စုစုပေါင်း ၃ ကြိမ်တိတိမီးရှို့ခံခဲ့ရတာ ဖြစ်ပါတယ်။ 

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #တန့်ဆည် #ပျူစောထီး #မီးရှို့ #ပစ်ခတ် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10