နောင်ကြီးအိုင်ရဲစခန်းမှာ ထိတွေ့တိုက်ပွဲဖြစ်၊ လေကြောင်းပစ်ကူကြောင့် PDF ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

နောင်ကြီးအိုင်ရဲစခန်းမှာ ထိတွေ့တိုက်ပွဲဖြစ်၊ လေကြောင်းပစ်ကူကြောင့် PDF ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာ ရဲစခန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့  ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ စက်တင်ဘာ ၁၅ ရက် ဒီနေ့မနက်အစောပိုင်း ၂  နာရီလောက်မှာ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ အရာတော် ပကဖ ဆီကသိရပါတယ်။ 

ယင်းနောက် မနက် ၈ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်ဘက်က Mi 35 ရဟတ်ယာဉ် ၁ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၃  ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ညကတည်းက လက်နက်ကြီးတွေ Drone တွေနဲ့ ပစ်နေတာ။ ကာကွယ်ရေးအဖွဲ့တွေ စခန်းထဲကို ဝင်ဖို့လုပ်နေတဲ့အချိန် လေယာဉ်လာတော့ ပြန်ဆုတ်ခဲ့လိုက်ရတယ်။ Mi 35 မှာပါတဲ့ လက်နက်ကြီးတွေ အကုန်ပစ်သွားတာ။ ရွာသားတွေထိခိုက်တာတွေတော့မရှိဘူး လို့ ဖြစ်စဉ်ကိုကြားသိထားရတဲ့ အရာတော်မြို့နယ် ပကဖ အဖွဲ့ဝင်တဦး က ပြောပါတယ်။ 

ရဟတ်ယာဉ် ပြန်ထွက်သွားတဲ့နောက်မှာတော့ ထပ်မံပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမဲ့လည်း ထိခိုက်ဒဏ်ရာရထားတဲ့ ရဲဘော်တွေ အခြေနေပိုဆိုးလာမှာစိုးလို့ ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အခုလက်ရှိအချိန်မှာ နောင်ကြီးအိုင်ရဲစခန်းထဲကို စစ်ကောင်စီဘက်က လူအင်အားထပ်မံဖြည့်တင်းဖို့ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

သေဆုံးခဲ့သူမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တဝင် ၁ ဦးဖြစ်ပြီး အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ 

အခုတိုက်ပွဲမှာတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ဖြစ်ပွားနေကြတာဖြစ်ပြီး ပူးပေါင်းတိုက်ခိုက်ခဲ့ကြတဲ့ တပ်ဖွဲ့တွေကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

နောင်ကြီးအိုင်ရွာဟာ အိမ်ခြေ  ၁၀၀၀ ဝန်းကျင်ရှိပြီး စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ရွာထဲမှာ စစ်ကောင်စီတပ်တွေ အထိုင်ချလိုက်တဲ့အတွက် အဲဒီရွာက ဒေသခံတော်တော်များများဟာ ကျေးရွာထဲမှာ မနေရဲတော့ဘဲ နီးစပ်ရာကျေးရွာတွေနဲ့ ဆွေမျိုးတွေရှိရာ နေရာမှာသွားရောက် နေထိုင်နေကြတယ်လို့လည်း နောင်ကြီးအိုင်ဒေသခံအမျိုးသမီးတဦး ကပြောပါတယ်။

ရွာထဲမှာ မနေတော့တာ တော်တော်ကြာနေပြီ၊ ရွာထဲမှာကျန်ခဲ့တဲ့သူတွေက စစ်ကောင်စီ အားပေးတဲ့သူတွေနဲ့ ကြားနေပြည်သူတွေဘဲ ကျန်နေခဲ့တယ်။ ဒီမနက် လေယာဉ်နဲ့လာပစ်တော့ ရွာပြင်ဘက်မှာနေတဲ့ ပြည်သူတွေကတော့ ထွက်ပြေးနေရတယ်လို့ကြားတယ် လို့ ဆက်လက်ပြောပါတယ်။

ပစ်ခတ်မှုတွေ ဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ အရာတော် - နောင်ကြီးအိုင် လမ်းပိုင်းကိုပိတ်ထားလိုက်ပြီးဖြစ်တဲ့အတွက် ခရီးသွားပြည်သူတွေအနေနဲ့ အဲဒီလမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေး ထုတ်ပြန် ထားပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း 

#မြေလတ်အသံ

#သတင်း #အရာတော် #စစ်ကိုင်းတိုင်း #နောင်ကြီးအိုင်ရဲစခန်း #ထိတွေ့တိုက်ပွဲဖြစ်ပွား #PDF #Mi35 #Drone #လေကြောင်းပစ်ကူ #သေဆုံးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10