နံ့သာမြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်ကို စစ်တပ်က ပစ်သတ်

နံ့သာမြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်ကို စစ်တပ်က ပစ်သတ်

မကွေးတိုင်း၊ မြိုင်မြို့နယ်အရှေ့တောင်ဘက်ရှိ ကန်ကြီးရိုးရွာထဲကို စစ်ကောင်စီတပ်တွေက ရုတ်တရက်ဝင်လာပြီး နံ့သာမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်ကို သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။

မြိုင်မြို့နယ်က ပျူစောထီးကျေးရွာတွေကို ရိက္ခာလိုက်ပို့နေတဲ့ စစ်ကြောင်းဟာ စက်တင်ဘာ ၁၀ ရက် မနေ့ မနက် ၆ နာရီလောက်မှာ အင်အား ၈၀ နီးပါးနဲ့ ကန်ကြီးရိုးရွာထဲကိုဝင်ရောက်လာချိန် ၂၇ နှစ်အရွယ် ပကဖခေါင်းဆောင် ကိုမျိုးခိုင် (ခ) ဗိုလ်လင်းမြွေကိုတွေ့ပြီး သေနတ်နဲ့ပစ်သတ်ခဲ့တာပါ။ 

“စစ်**တွေလာတဲ့အချိန် သူကကင်းကျနေတယ်။ ရွာသားတွေကိုလည်း ရွာထဲကနေ ခေါ်ထုတ်ပေးနေတာ။ သူသာ ရွာထဲကို သေနတ်တွေနဲ့ ကားတွေပြန်မယူရင် အသတ်ခံရမှာမဟုတ်ပါဘူး ” လို့ နံ့သာမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဗိုလ်လင်းမြွေဟာ ရွာထဲမှာကျန်ခဲ့တဲ့ လက်နက်အချို့နဲ့ ကားကို ပြန်ယူချိန်မှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်တာကို ခံခဲ့ရတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်တွေက ဗိုလ်လင်းမြွေဆီကနေ ငွေသား သိန်း ၁၀၀၊ သေနတ်တလတ်နဲ့ ဒရုန်းတွေကိုသိမ်းဆည်းသွားပြီး ကားတစီးကိုလည်း မီးရှို့သွားတယ်လို့ ဆိုပါတယ်။ 

အလောင်းကိုတော့ မနေ့က နေ့လယ် ၁၂ နာရီလောက်မှာပဲ တပ်ဖွဲ့ဝင်တွေက သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အဲ့ဒီစစ်ကောင်စီအဖွဲ့ဟာ ကန်းကြီးရိုးရွာက အသက် ၃၀ အရွယ် အမျိုးသား ၈ ဦးကိုလည်း ရွာနဲ့ ၃ မိုင်လောက်ဝေးတဲ့ သမန်းကန်ရွာထဲကို ဖမ်းဆီးခေါ် ဆောင်သွားခဲ့တယ်လို့ အထက်ပါတပ်ဖွဲ့ဝင်က ပြောပါတယ်။ 

“အမျိုးသမီးတွေကိုတော့ မဖမ်းဘူး။ အမျိုးသားတွေကိုပဲ ဖမ်းသွားတာ။”လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေ ရွာကထွက်သွားတာကြောင့် ဒေသခံအချို့ကတော့ ရွာထဲမှာ ပြန်လည်နေထိုင်နေကြပြီလို့လည်း သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြိုင်မြို့နယ် #စစ်ကောင်စီ #ပစ်သတ် #နံ့သာမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10