သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ အောင်လံမြို့မှာ နိုဝင်ဘာ ၂၁ ရက် မနက် ၁၀ နာရီခန့်က လူငယ်အမျိုးသား ၂၀ ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖမ်းဆီခံရသူတွေဟာ အောင်လံမြို့နယ် မိုးကောင်း၊ ရွှေညောင်ပင်၊ သာယာကုန်းစတဲ့ကျေးရွာတွေက အသက် ၁၈ နဲ့ ၃၅ နှစ်ကြားအရွယ်တွေဖြစ်ပြီး ၎င်းတို့ဟာ မြို့နဲ့ ၇ မိုင်အကွာရှိ ရုံးဆိပ်ရွာနွားပွဲစျေးကို လာရောက်စဥ် အောင်လံမြို့အထွက် မြို့ရှောင်လမ်းမှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
" အဲ့လိုပေါ့ ကြာသာပတေး(နွားစျေး)နဲ့ကြုံရင်လည်း အရင်တုန်းကလည်း လွန်ခဲ့တဲ့ ၄ ၊ ၅ လ လောက်က အဲလိုမျိုးတကြိမ်ဖြစ်ဖူးတယ်လေ။ အောင်လံမြို့ဝင် တာဂွက စောင့်ပြီးဖမ်းတာ။” လို့ အောင်လံမြို့ခံ အမျိုးသားတဦးကပြောပါတယ်။
အောင်လံမြို့နဲ့ ၇ မိုင်ခန့်အကွာ ရုံးဆိပ်ကျေးရွာမှာ ကြာသာပတေးနေ့တိုင်း နွားပွဲဈေးပုံမှန်လုပ်လေ့ရှိပြီး အဲဒီနွားပွဲစျေးကို နီးစပ်ရာကျေးရွာတွေက နွားကုန်သည်တွေနဲ့ နွားဝယ်သူတွေ လာရောက်လေ့ရှိကြတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေကို အောင်လံမြို့အခြေစိုက် ခလရ ၇၁ တပ်ရင်းကို ပို့ဆောင်ထားတယ်လို့သိရပြီး ဖမ်းဆီးခံရသူတွေနဲ့ ၎င်းတို့မိသားစုဝင်တွေ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သူက ဆိုပါတယ်။
အောင်လံမြို့နယ်အတွင်းမှာ မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူး ကောင်းထက်ဇော် ဦးဆောင်ပြီး ပျူစောထီး၊ ရဲ၊ ထွေအုပ်တို့က နေ့စဉ်နီးပါးဖမ်းဆီးမှုတွေ လုပ်ဆောင်နေကာ ငွေကြေးနဲ့ပြန်လည်ရွေးခိုင်းတာအပြင် ဖမ်းဆီးရမိသူတွေကို အခြားမြို့နယ်တွေထံ ကျပ်သိန်းရာချီနဲ့ စစ်မှုထမ်းဖို့ရောင်းစားနေတယ်လို့ သိရပါတယ်။
“ အောင်လံမြို့နယ်မှာ စစ်မူထမ်းဖို့ လူဦးရေ ၇၅ ဦးပေးရမှာ ခုပြည့်နေပြီ။ ခုဖမ်းထားတဲ့သူတွေကို တခြားမြို့ကို မကွေး၊ ပြည် စသဖြင့် စစ်မှုထမ်းဖို့ သိန်း ၇၀ နဲ့ ၁၀၀ ရောင်းစားနေတယ်။” လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
အောင်လံမြို့မှာ ပုံမှန်ဖမ်းဆီးမှုအနေနဲ့ ဆိုင်ကယ်၊ ကား လိုင်စင်စစ်ဆေးဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး လူငယ်တွေဆိုပါက စာရွက်စာတမ်းအပြည့်အစုံရှိလည်း ဖမ်းခေါ်ပြီး ငွေကြေးတောင်းခံတာနဲ့ စစ်မှုထမ်းပို့ဆောင်ခံရတာတွေရှိနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ပုံစာ - စခတ ၇ စစ်သင်တန်းကျောင်းမှာ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံရပြီး အပတ်စဥ် ၁ တက်ရောက်နေရမှုကို မေလ ၁၃ ရက်က တွေ့ရစဉ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#အောင်လံ #နွားပွဲဈေး #လူငယ် #ဖမ်းဆီး #စစ်မှုထမ်း
Share Share Share