နွေဦးတော်လှန်ရေး မကျည်းတန် သို့မဟုတ် နှလုံးလှ အကျည်းတန် (ရုပ်ပုံလွှာ)

နွေဦးတော်လှန်ရေး မကျည်းတန် သို့မဟုတ် နှလုံးလှ အကျည်းတန် (ရုပ်ပုံလွှာ)

 

မကျည်းတန်ဟာ အညာသားတယောက်။ အမျိုးသားတဦးအဖြစ် မွေးဖွားခဲ့ပေမယ့် အမျိုးသမီးဖြစ်ချင်ခဲ့သူ။ အမျိုသမီးတယောက်လို နေထိုင်ပြောဆိုတယ်၊ ဝတ်စားဆင်ယင်တယ်။ သူ့နာမည်ကိုလည်း မကျည်းတန်လို့ မှည့်ခေါ်စေတယ်။

သူဟာ မြန်မာပြည်အထက်ပိုင်း ထနောင်းပင်၊ တမာပင်၊ ထန်းပင်၊ မကျည်းပင်တွေ အစီအရီပေါများလှတဲ့ အညာဒေသမှာ ကုန်ရောင်းကုန်ဝယ် အလုပ်နဲ့သက်မွေးဝမ်းကျောင်းနေရင်း စီးပွားရေး အတော်အသင့် အဆင်ပြေနေတဲ့ မိသားစုလေးတစုကပါ။ 

အဲဒီမိသားစုမှာ အမေဖြစ်သူနဲ့အတူ သားနှစ်ယောက်ရှိတယ်။ သားအငယ်က တက္ကသိုလ်ကျောင်းသားဖြစ်ပြီး သားအကြီးဖြစ်တဲ့ မကျည်းတန်က မိခင်ရဲ့ ကုန်သည်အလုပ်ကို ကူညီလုပ်ကိုင်တယ်။ 

တဖက်မှာလည်း မကျည်းတန်က စေတနာ့ဝန်ထမ်းအနေနဲ့ လူ့အခွင့်အရေးပညာပေးသူများကွန်ရက်မှာ အဖွဲ့ဝင်တဦးဖြစ်သလို လူ့အခွင့်အရေးအကြောင်း အသိပညာပေးဟောပြောသူအဖြစ်လည်း လုပ်ကိုင်ခဲ့ပါတယ်။ 

သူ့ရဲ့အဘွားဖြစ်သူက မြေးလေးတွေကို မကျည်းတန်၊ အကျည်းတန်ရယ်လို့ ချစ်စနိုးခေါ်လေ့ရှိရာက အဲဒီနာမည်လေးကို နှစ်ခြိုက်မိပြီး သူ့ကိုယ်သူ "မကျည်းတန်" ဆိုပြီး မှည့်ခေါ်ခဲ့တာပါ။ 

"မကျည်းတန်" တို့ မိသားစုအသိုက်အမြုံလေး ပူပင်စရာမရှိ ပုံမှန်ဖြတ်သန်းနေကြတဲ့ အချိန်မှာပဲ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်က တိုင်းပြည်ကို မတရားအာဏာသိမ်းခဲ့ရာမှာ မကျည်းတန်တို့မိသားစုလေးလည်း တကွဲတပြားစီ ဖြစ်ခဲ့ရပါတော့တယ်။

အာဏာသိမ်းပြီး နောက်တနေ့ ဖေဖော်ဝါရီ ၂ ရက် မန္တလေးဆေးတက္ကသိုလ်ရှေ့မှာ ဒေါက်တာတေဇာစန်းတို့ ဆန္ဒပြကြတဲ့အခါ မကျည်းတန်ရဲ့ ညီလည်း ပါဝင်ခဲ့ပါတယ်။ နောက်ရက်တွေမှာတော့ မကျည်းတန်လည်း နေ့စဥ်နေ့တိုင်းဆိုသလို အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြကြတဲ့ ပြည်သူလူထုတွေအကြားမှာ သူတို့ညီအကို ဆက်တိုက်ပါဝင်လာပါတယ်။ 

"အရင်တည်းက နိုင်ငံရေးတွေ စိတ်ဝင်စားတယ်။ လူ့အခွင့်အရေး၊ ကလေးသူငယ်အရေးတွေကို စိတ်ဝင်စား တယ်။ အခွင့်အရေးတွေ ဆုံးရှုံးတာကြောင့် စစ်တပ်က အာဏာသိမ်းတာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။ အဲ့ဒါကြောင့် ဆန့်ကျင်ဆန္ဒပြတိုင်း ကျနော်ပါတယ်။ "လို့ မကျည်းတန်က ပြောပါတယ်။

အဲဒီလိုနဲ့ တနေ့မှာ မကျည်းတန်ရဲ့ညီဖြစ်သူဟာ ဆန္ဒပြနေရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းသွားတာကို ခံလိုက်ရပါတယ်။

ညီဖြစ်သူအဖမ်းခံလိုက်ရတဲ့အခါမှာ မကျည်းတန်ရဲ့စိတ်ထဲမှာ နောင်တတခုရသွားပါတယ်။ သူ့ညီဟာ အာဏာသိမ်းစကတည်းက မြန်မာပြည်ထဲမှာ နေထိုင်ရတာ အဆင်မပြေလို့ မိသားစုလိုက်  ပြည်ပကိုသွားဖို့ တဖွဖွပြောဆိုနေတာကို ဥပက္ခာပြုခဲ့မိတာကြောင့်လို့ သူက ဆိုပါတယ်။ 

"သွားချင်ရင် မင်းတို့ သားအမိနှစ်ယောက် အရင်သွား၊ ငါနောက်က လိုက်ခဲ့မယ် ဆိုပြီး ညီလေးကို ပြောခဲ့မိတယ်။ အတူတူသွားမယ်လို့ မပြောမိလိုက်တဲ့နောင်တ ကျနော့်ဆီမှာ ရှိနေတယ်" လို့ မကျည်းတန်က ပြောပါတယ်။

သူရဲ့ ညီလေးပြောစကားကို နားမထောင်မိလို့သာ ခုလို သူ့ညီအဖမ်းခံရတာလို့ ပြောရင်း မျက်ရည်တွေ ကျလာပြီး သူ့အသံတွေ တိမ်ဝင်သွားပါတယ်။ ဒီအကြောင်းကို ပြန်တွေးမိတိုင်း မကျည်းတန် ယူကြုံးမရ ခံစားနေရတယ်။

အဖမ်းခံရတဲ့ ညီဖြစ်သူနဲ့ ဘာအဆက်အသွယ်မျှ မရတော့ဘဲ မကျည်းတန်ဟာ မိခင်ကို နှစ်သိမ့်ခဲ့ပြီး ၂၀၂၁ ဧပြီလမှာ စစ်ကိုင်းတိုင်းအတွင်းက နယ်မြေတခုမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း ထောက်ပို့အလုပ်တွေကို ပါဝင် လုပ်ကိုင်လာပါတော့တယ်။

ခုဆို မကျည်းတန်ဟာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တဖွဲ့အတွက် လစဥ်ရိက္ခာထောက်ပံ့ပေးနေတဲ့ တော်လှန်ရေးထောက်ပို့တပ်သားအဖြစ် တာဝန်ယူလုပ်ကိုင်ပေးနေပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလမှာ ဒရုန်းတပ်ဖွဲ့အတွက် လိုအပ်နေတဲ့ အီနာဂါဗုံးသီးတွေ ဝယ်ယူဖို့လည်း ကျပ် ၁၀ သိန်း ထောက်ပံ့ပေးခဲ့ပြီး လက်လုပ်သေနတ်တွေ လုပ်ကိုင်နေတဲ့အဖွဲ့ကို ၇ သိန်းကျပ်ထောက်ပံ့ခဲ့ပါတယ်။ 

တပ်ဖွဲ့တွေ တိုက်ပွဲရက်ရှည်ဖြစ်တဲ့အခါမှာလည်း လိုအပ်တဲ့ စားစရာမျိုးစုံနဲ့ သောက်ရေကအစ ကိုယ်တိုင် နောက်ကလိုက်ပြီး ထောက်ပံ့ပေးတာတွေကို မကျည်းတန် လုပ်ကိုင်လို့ နေပါတယ်။

ထို့အတူ CDM ကျန်းမာရေးဝန်ထမ်းတွေ ဦးဆောင်ဆေးကုနေတဲ့ ဆေးခန်းတခုက PDF တွေကို အခမဲ့ဆေးကုသပေးနေရာ အဲဒီဆေးခန်းအတွက် အဖွဲ့တခုနဲ့ ချိတ်ဆက်ပြီး ကျပ်သိန်း ၂၀ လှူပေးဖြစ်ခဲ့ပါတယ်။

အဲဒီကျန်းမာရေးဝန်ထမ်းတွေကိုလည်း စစ်ရှောင်စခန်းတွေဆီခေါ်ပြီး ကျန်းမာရေးဟောပြောစေတာ၊ ဆေးကုသပေးစေတာတွေလုပ်ပေးတဲ့အပြင် စစ်ရှောင်တွေကို ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးနဲ့ ရိက္ခာတွေလည်း သူက အခါအားလျော်စွာ ကူညီပေးနေပါတယ်။ 

"အများစုက ခက်ခဲနေကြတယ်။ အဲဒါနဲ့ လက်လှမ်းမီသမျှ PDF တွေ၊ CDM တွေနဲ့ စစ်ရှောင်ပြည်သူတွေကို ထောက်ပို့ပေးနေရတာ။" လို့ သူက ပြောပါတယ်။

ဒါ့အပြင် အခု ဇွန်လမှာ တော်လှန်ရေးတပ်ဖွဲ့တဖွဲ့က မောင်းပြန်သေနတ်တလက် ဝယ်ယူဖို့လည်း သူက မဲလက်မှတ်ရောင်းပေးနေပြီး လူမှုကွန်ရက်စာမျက်နှာမှာ ရောင်းတာအပြင် ကျေးလက်နေပြည်သူလူထုအကြား သီချင်းဆိုလို့ တမျိုး၊ ကပြဖျော်ဖြေလို့ တဖုံနဲ့ မဲရောင်းရဖို့ စိတ်ရောကိုယ်ပါနှစ်ပြီး ထောက်ပို့အလုပ်မှာ သူဟာ ပါဝင်နေသူပါ။

နွေဦးတော်လှန်ရေး မတိုင်ခင်ကတည်းက လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး စာသင်ကြားပေးသူ မကျည်းတန်ဟာ ယခုဆိုရင် မန္တလေးတိုင်းဘက်က အဖွဲ့တဖွဲ့ရဲ့ချိတ်ဆက်မှုနဲ့ ဝန်ထမ်းတဦးအဖြစ် စစ်ကိုင်းတိုင်းထဲက ကျေးရွာ ၇ ရွာမှာ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ LGBT အရေးတွေ သင်ကြားပေးနေပါတယ်။ 

အဲဒီကရလာတဲ့ လုပ်ခလစာတွေကို  လက်နက်ကိုင်တပ်ဖွဲ့တွေ၊ စစ်ရှောင်တွေနဲ့ CDM ဝန်ထမ်းတွေအတွက် လှူဖြစ်သလို ပုံမှန်အလှူရှင်တွေနဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေကလည်း လိုအပ်တဲ့အခါတိုင်း ကူညီပေးနေတဲ့အတွက် ထောက်ပို့လုပ်ချင်တဲ့ သူ့ဆန္ဒဟာ ပြည့်ဝနေတာပါ။

ဒါပေမဲ့ မကျည်းတန်ဟာ ဒီလောက်နဲ့ ထောက်ပို့လုပ်ရတာ ကျေနပ်နေသူတော့မဟုတ်ဘဲ သူနေထိုင်ရာ တိုက်နယ်ရွာတရွာမှာ သူ့သူငယ်ချင်းတယောက်နဲ့အတူ ရှမ်းခေါက်ဆွဲနဲ့ ဆီချက်ခေါက်ဆွဲဆိုင်ဖွင့်ပြီး ဝင်ငွေရှာနေပြန်တယ်။

နေ့စဥ် မနက် ၆ နာရီမှ ၈ နာရီဝန်းကျင်အထိ ရောင်းချရာ ကျပ် ၅၀,၀၀၀ ဝန်းကျင် ပုံမှန်ရောင်းချနေရပြီး အမြတ်ငွေကိုလည်း ဆုကြေးမဲထဲ ထည့်ဝင်ကာ ထောက်ပံ့ရေးအတွက် ဝင်ငွေရှာနေတယ်လို့ သူကဆိုပါတယ်။ 

တော်လှန်ရေးအတွက် တနေရာမှ တနေရာကို သူသွားလာရာမှာလည်း အသိမိတ်ဆွေတွေနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း သူ့ကိုကူညီပေးကြတဲ့အတွက် လုံခြုံရေးအဆင်ပြေသလို LGBT ဖြစ်တဲ့သူဟာ ခွဲခြားဆက်ဆံခံရတာလည်း မရှိတာကြောင့် ယနေ့အချိန်ထိ သူလုပ်ချင်တာကိုလုပ်ပြီး ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။

အညာဒေသမှာ စစ်ကြောင်းဝင်လာတဲ့အခါ ထွက်ပြေးရတာနဲ့ စစ်ရှောင်ပြည်သူတွေ အရေအတွက်တိုးလာတဲ့အတွက် ထောက်ပံ့ငွေကြေးနဲ့ ရိက္ခာ မလုံလောက်မှုတွေကိုတော့  ကြုံနေရတယ်လို့ မကျည်းတန်က ဆိုပါတယ်။

"ရိက္ခာကုန်ပစ္စည်းတွေက ထိန်းသိမ်းဖို့ ခက်ခဲတယ်။ ကုန်စုံဆိုင်တွေမှာ စာရင်းဖွင့် ငွေပေးချေပြီးတော့ လိုတဲ့အခါမှပဲ ယူဖြစ်တယ်။ စစ်ရှောင်တာက ကြိုမသိနိုင်တော့ ငွေလိုအပ်ရင် တခြားကိစ္စတွေအတွက် ထောက်ပံ့ဖို့ စုထားတဲ့အထဲကပဲ အဆင်ပြေအောင် လှည့်ပေးရတာမျိုး အခက်ခဲတော့ ရှိပါတယ်။" လို့ မကျည်းတန် က ပြောပါတယ်။

ယခုအခါမှာ အာဏာသိမ်းစစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ပြည်သူတွေကိုဖမ်းဆီး အကျပ်ကိုင်လာတာတွေကြောင့် ပြည်သူတွေ သွားလာရအဆင်မပြေတာနဲ့  စီးပွားရေးလုပ်ကိုင်ဖို့ ခက်ခဲလာနေကြပြီး အရင်လို လွတ်လွတ်လပ်လပ်နဲ့ သွားလာနေထိုင်ဖို့ဆိုရင် တော်လှန်ရေးအမြန်ဆုံးအောင်မြင်အောင်လုပ်ဖို့လိုတယ်လို့ မကျည်းတန်က ဆိုပါတယ်။ 

ဒါ့ကြောင့်ပြည်သူတဦးချင်းအနေနဲ့ တော်လှန်ရေးအတွက် နိုင်ရာတာဝန်ထမ်းဆောင်ဖို့လိုတယ်လို့ သူက သတင်းစကားပါးလိုက်ပါတယ်။

#မြေလတ်အသံ

#ဆောင်းပါး #ရုပ်ပုံလွှာ #အကျည်းတန် #မကျည်းတန် #ထောက်ပို့ #LGBT 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10