နှစ် ၅၀ အတွင်းအဆိုးရွားဆုံး ပဲခူးမြို့ရေကြီးမှု နောက်ဆုံးရအခြေအနေ (ရုပ်/သံ)

နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံးလို့ဆိုနိုင်တဲ့ ပဲခူးမြို့ရေကြီးမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီနေ့ အောက်တိုဘာ ၁၀ ရက် ညနေ ၄ နာရီအထိ စုံစမ်းမေးမြန်းရသမျှတွေကို မြေလတ်အသံသတင်းဌာနက စုစည်းဖော်ပြပေးမှာပါ။

လက်ရှိအချိန်ထိ ပဲခူးမြို့မှာ ရေဘေးသင့်ပြည်သူ ၇၀၀၀၀ ခန့်ရှိပြီး စစ်ရှောင်စခန်းနဲ့ ရေဘေး ကယ်ဆယ်ရေးစခန်း ၂၂ ခု ဖွင့်လှစ်ထားရသလို လူဦးရေ ၃၀၀၀၀ ခန့်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရတယ်လို့ သိရပါတယ်။

ဆက်သွယ်ရေးပြတ်တောက်မှုနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ရေမရရှိတာ၊ ထမင်းထုပ်မလောက်ငှမှုတွေနဲ့ ကယ်ဆယ်ရေးစက်လှေနည်းပါးနေတာတွေ ဖြစ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ယနေ့ညနေ ၄ နာရီမှာ ဖြေဆိုထားပါတယ်။

ဒီနေ့မှာတော့ ရန်ကုန်က လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ တခြားလူမှုကယ်ဆယ်ရေးအဖွဲ့တွေလည်းရောက်ရှိနေကြပြီး ပိတ်မိနေသူတွေကို စက်လှေတွေနဲ့ကယ်ထုတ်နေသလို အချို့ရပ်ကွက်တွေမှာတော့ ရေအနည်းငယ်ကျသွားတာမျိုး ရှိတယ်လို့ ဆိုပါတယ်။

အရေးပေါ်အနေနဲ့ကတော့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေးကယ်ထုတ်နေကြပြီး နာတာရှည်ဖြစ်နေကြသူတွေကိုလည်း ချိတ်ဆက်ကယ်ဆယ်နေတယ်လို့ Save The Trees Rescue Team တောင်ငူအဖွဲ့ကလည်း ပြောပါတယ်။

မီးသတ်တပ်ဖွဲ့ကတော့ ကယ်ဆယ်ရေးအထူးတပ်သား ၇၀ ကျော်ကိုစေလွှတ်ထားတယ်လို့ ထုတ်ပြန်ထားပြီး ရေကြီးမှုဖြစ်စဉ်မှာ အသက် ၆၀ အရွယ်အမျိုးသမီး ၁ ဦးနဲ့ အသက်ဆုံးရှုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒါ့အပြင် ရေနစ်သေဆုံးနေတဲ့ အမျိုးသား ၁ ဦးရုပ်အလောင်းကိုလည်း တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

မိုးဆက်တိုက်ရွာသွန်းလို့ ဇလတ်ထော်ရေလှောင်တမံရေကျော်ပြီး ပေ ၅၀ ခန့်ပျက်စီးခဲ့သလို ဆက်လက်မိုးရွာသွန်းနေပါက ရေဖောက်ချမယ်ဆိုတဲ့ သတင်းတွေလည်း ပျံ့နှံခဲ့ပေမယ့် မြေလတ်အသံသတင်းဌာနအနေနဲ့တော့ လက်ရှိအချိန်ထိ စုံစမ်းနေဆဲပါ။

ယနေ့နံနက်ပိုင်းမှာတော့ မိုးရွာသွန်းတာ နည်းပါးသွားပေမယ့် မိုးဆက်ရွာနေမယ်ဆိုရင်တော့ ရေဘေးရှောင်တွေ ပိုများလာနိုင်ပြီး လက်ရှိအချိန်ထိလည်း ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရသလို စက်လှေကူညီမှုများပေးဖို့နဲ့ ထမင်းထုပ်နဲ့ ရေတွေကိုလည်း ပေးပို့နိုင်ကြတယ်လို့ ဆိုပါတယ်။

အခုရေကြီးမှုကတော့ နှစ်ငါးဆယ်အတွင်းမှာ ပဲခူးမြို့အတွက် အဆိုးဝါးဆုံးရေကြီးမှုဖြစ်တယ်လို့ မြို့ခံတွေက ပြောဆိုကြပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက် နံနက်ပိုင်းကစတင်လို့ မြို့ထဲမှာ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တာပါ။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#သတင်း #ရေကြီးရေလျှံမှု #ပဲခူး #ကူညီကယ်ဆယ်ရေး #စက်လှေ #ရေဘေးရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10