ပကဖ ၁ ဦး စစ်ကောင်စီနဲ့ ပူးပေါင်းသွားပြီး ဖော်ကောင်လုပ်နေလို့ တော်လှန်ရေးအဖွဲ့တွေအမြန် ပြောင်းရွှေ့ဖို့လို

ပကဖ ၁ ဦး စစ်ကောင်စီနဲ့ ပူးပေါင်းသွားပြီး ဖော်ကောင်လုပ်နေလို့ တော်လှန်ရေးအဖွဲ့တွေအမြန် ပြောင်းရွှေ့ဖို့လို

မကွေးတိုင်း၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သေနတ်ကို ခိုးယူကာ စစ်ကောင်စီနဲ့ပူးပေါင်းသွားသူက PDF စခန်းနေရာတွေကိုဖော်ထုတ်နေလို့ အမြန်ပြောင်းရွှေ့ဖို့လိုတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်က ယနေ့ ဩဂုတ် ၂၂ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ပခုက္ကူခရိုင်အတွင်းရှိ အရေးကြီးစခန်းတွေနဲ့ အခြားထိစပ်နယ်မြေတွေကိုလည်း မြေပုံနဲ့တကွထွက်ဆိုထားလို့ အမြန်ပြောင်းရွှေ့စေလိုတာလို့ ဆိုပါတယ်။

"ပြောင်းရွှေ့တဲ့အခါမှာ စခန်းတွေကိုမဖျက်ဆီးဖို့နဲ့ စစ်ကောင်စီစစ်ကြောင်းလာတဲ့အခါမှာလည်း အသင့်အနေအထားဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားစေချင်ပါတယ်" လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်လက်ျာက ပြောပါတယ်။

လက်နက်ခိုးယူပြီး စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့သူ တက်တူးဟာ လက်ရှိမှာ စစ်ကောင်စီနဲ့အတူရှိနေပြီး စခန်းနေရာ ၇၀ ကျော်ကိုလည်း ထုတ်ဖော်ပြောဆိုထားတယ်ဆိုတဲ့ သတင်းတွေလည်း ပြန်ကြားရတယ်လို့ သူကဆက်ပြော​ပါတယ်။

တက်တူးဟာ မြို့မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ဖြစ်တဲ့အတွက် သူနဲ့ပတ်သက်ဆက်နွယ်တဲ့ စခန်းနေရာအတော်များများကို ရောက်ဖူးသူဖြစ်တယ်လို့လည်း ဆိုပါတယ်။

ထုတ်ပြန်ချက်တွင် ကျေးရွာနေပြည်သူတွေ ထိခိုက်ဆုံးရှုံးမှုမရှိစေဖို့အတွက် လေကြောင်းအသိ လေကြောင်း သတိထားရှိကာ ကျေးရွာတွေအတွင်း နေထိုင်ခြင်းမပြုဘဲ တောတောင်များသို့ ရွှေ့ပြောင်းနေထိုင်ကြရန်နဲ့ ပအဖ၊ ပလဖ ကျန်းမာရေးတာဝန်ခံတွေလည်း နေရာအတည်တကျ နေထိုင်ခြင်းမပြုဘဲ ရွှေ့လျားခြင်းဖြင့် သိုသိပ်လျှို့ဝှက်စွာနေထိုင်ကြရန် ဖော်ပြထားပါသေးတယ်။

တက်တူး(ခ)ထက်ဝေယံဟာ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် ၂ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီး သြဂုတ် ၁၅ ရက်ညနေက တပ်ရင်းမှူးရဲ့ M16 အမျိုးအစားသေနတ်ကိုခိုးယူကာ ပခုက္ကူမြို့နယ်၊ အင်ပင်ရွာရှိ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းသွားတာလို့သိရပါတယ်။

ပုံစာ - စစ်ကောင်စီနဲ့ ပူးပေါင်းသွားသူ တက်တူး။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မကွေးတိုင်း #မြိုင် #ပကဖ #PDF #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10