ပခုက္ကူက ဆန်သယ်ယူတာကို စစ်တပ်ကဖမ်းဆီးသိမ်းနေလို့ ပေါက်ဒေသခံတွေ စားနပ်ရိက္ခာ ခက်ခဲလာ

ပခုက္ကူက ဆန်သယ်ယူတာကို စစ်တပ်ကဖမ်းဆီးသိမ်းနေလို့ ပေါက်ဒေသခံတွေ စားနပ်ရိက္ခာ ခက်ခဲလာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ တောင်ပိုင်းက ဒေသခံစစ်ရှောင်တွေ စားနပ်ရိက္ခာအတွက် ဆန်နဲ့အခြားပစ္စည်းတွေကို ဝယ်ယူသယ်ဆောင်ရာမှာ စစ်ကောင်စီတပ်ဂိတ်က စစ်ဆေးဖမ်းဆီး တားမြစ်တာတွေလုပ်နေလို့ သယ်ယူဖို့ ခက်ခဲလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပေါက်နယ်မှာဆန်လိုအပ်ပါက ပခုက္ကူမြို့က ဝယ်ရတာဖြစ်ပြီး၊ ဆန်တွေသယ်ယူတာကို စစ်ကောင်စီတပ်က ပိတ်ပင်ထားတာ တနှစ်နီးပါးရှိလို့ ဆန်ဝယ်ဖို့မလွယ်ကူဘဲ၊ ရှိတဲ့ဆန်ကိုစားနေရတယ်လို့ ဒေသခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

"ပေါက်နဲ့ ပခုက္ကူကြားက ဘုရားတောင်မှာ စစ်တပ်ဂိတ်စခန်းရှိတယ်။ ပေါက်တောင်ပိုင်းကပစ္စည်းဆိုရင် သယ်တာလက်မခံဘူး။ ဆန်ဝယ်ရင် ငွေကြိုပေးရတော့ သိမ်းခံရရင် ငွေရောဆန်ပါဆုံးတယ်။ တချို့သူတွေကရွာထဲမှာရှိတဲ့ ဆန်ပဲဝယ်စားရတာလည်းရှိတယ် "လို့ ပြောပါတယ်။

ပေါက်တောင်ပိုင်းက စစ်ရှောင်တွေကို ဆန်ဝယ်ယူခွင့် အဓိကတားမြစ်နေတာဖြစ်ပြီး ပျူအားကောင်းရာရွာတွေအနီးက ဒေသခံတွေအဖို့ ပို့လို့ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ဆန်တွေယူတာ မီးရှို့ဖျက်ဆီးတာတွေရှိနေလို့ ဒေသခံတွေအနေနဲ့ ဆန်တွေကို တောထဲမှာ သိမ်းထားတာရှိသလို၊ မခြွေရသေးတဲ့ စပါးပုံတွေလည်းရှိပြီး၊ မိုခါမုန်တိုင်းမိုးကြောင့် မိုးရေစိုပျက်စီးခဲ့လို့ ယခုရက်ပိုင်းအတွင်းမှာ စားနပ်ရိက္ခာရှားပါးလာတယ်လို့ ပေါက်တောင်ပိုင်း စပါးစိုက်တောင်သူအမျိုးသမီးက ပြောပါတယ်။

"စစ်ကြောင်းဝင်လာလို့ ဆန်တွေ့ရင်ယူပြီး သယ်သွားတယ်။ ယူမှာစိုးလို့ အိမ်မှာမထားဘဲတောထဲမှာခွဲထားကြတာ။ မုန်တိုင်းမိုးရွာတာများတော့ ဆန်တွေရေစိုကုန်တယ်။ မခြွေရသေးတဲ့စပါးတွေလည်းရေစိုပြီး အညှောင့်တွေ ပေါက်ကုန်တာပေါ့။ စစ်ဘေးရှောင်နေရသူတွေရှိတော့ အချိန်မီ  မသိမ်းနိုင်ကြဘူး။ ဆန်အကျိုးအကြေတွေပဲချက်စားနေရတယ်" လို့ပြောပါတယ်။

မိုးမိထားတဲ့ ရေစိုဆန်တွေကို ချက်ပြုတ်စားသောက်ရတာ၊ သိုလှောင်ထားတဲ့ စပါးတွေ အညှောင့်ပေါက်လာတာတွေရှိနေပြီး အချိန်မီ ကြိတ်ခွဲဖို့လည်း အခက်ခဲရှိနေတယ်လို့ ဆိုပါတယ်။

စိုက်ခင်းက ထွက်လာတဲ့ စပါးတွေရိတ်သိမ်းချိန်မှာ လူနဲ့ရိုက်ခြွေလုပ်နေရပြီး လုပ်သားတဦးကိုတနေ့လုပ်ခ ၇၀၀၀ ကျပ်ပေးရလို့ အခက်ခဲရှိသလို ဆန်စက်မှာစပါးကြိတ်ခွဲတဲ့အခါ စပါးတတင်းကြိတ်ခွဲခအနေနဲ့ ဆန်နို့ဆီဗူး ၄ လုံးပေးရပြီး၊ ဆန်တွေကအကျိုးအကြေတွေများပေမယ့် စားနေရတယ်လို့ ပြောပါတယ်။

ဇွန်လအစောပိုင်းမှာ ပခုက္ကူမြို့၊ ဆန်စျေးအနေနဲ့ ဧရာပဒေသာဆန် ၂၄ ပြည်တအိတ်ကို ၉၅၀၀၀ မှ ၁၀၀၀၀၀ ကျပ်စျေးရှိနေပြီး သယ်ယူဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်တပ်ဖွဲ့တွေနဲ့ပျူတွေက မတ်လအစောပိုင်းမှာပေါက်ပြည်သူ့ကာကွယ်ရေးတပ်စခန်းနှစ်ခုကို ဝင်ရောက်စီးနင်းပြီးမီးရှို့ဖျက်ဆီးခဲ့သလို၊ ပေါက်နယ်က အုန်းတောတောင်စု ၊ အုန်းတောမြောက်စု၊ ချောင်းနားရွာဟောင်း ၊ ပြစ်ထဲရွာ ၊ တဲတော်ယာရွာတောင်စု ၊ သီးခြောက်ရွာ ၊ သပြေအေးရွာတွေကိုမီးရှို့ဖျက်ဆီးခဲ့လို့ပြည်သူတွေအနေနဲ့ရွာသို့မပြန်ရဲသေးဘဲ ၊စစ်ဘေးရှောင်နေရသူတွေရှိနေတယ်လို့သိရပါတယ်။

 

စာတည်း - 007

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူ #ပေါက် #ဆန်စပါး #ရိက္ခာရှားပါးမှု #စစ်ရှောင် #စစ်ကောင်စီ #မီးရှို့ဖျက်ဆီးa

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10