ပခုက္ကူက ဒေသခံတချို့ စီးပွားရေးကျပ်တည်းလာလို့ ဆန်ကွဲကို စားသုံးနေရ

ပခုက္ကူက ဒေသခံတချို့ စီးပွားရေးကျပ်တည်းလာလို့ ဆန်ကွဲကို စားသုံးနေရ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဘက်စုံကုန်ဈေးနူန်းကြီးမြင့်မှုနဲ့ အလုပ်အကိုင် ရှားပါးမှုဖြစ်ပြီး စီးပွားရေးတွေ ကျပ်တည်းလာတာကြောင့် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက ဒေသခံတချို့ဟာ ဆန်အစား ဆန်လတ်ကျိုး (ဆလတ်ကျိုး) လို့ ခေါ်တဲ့ ဆန်ကွဲကိုသာ စားသုံးနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပခုက္ကူမြို့နယ်အနောက်ဘက် မြစ်ခြေမြို့ကဒေသခံတွေဖြစ်ပြီး အလုပ်အကိုင်နည်းပါးတာနဲ့ ရရှိတဲ့ လုပ်အားခနဲ့မညီမျှလို့ ဆန်ဈေးထက်သက်သာတဲ့ ဆန်ကွဲကို ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကတည်းက စားသုံးကြတာလို့ ဆိုပါတယ်။

လက်ရှိမှာ ဒေသခံတွေအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေက ပေါင်းသင်တာ၊ ပဲကောက် (ပဲခူးဆွတ်)တာတို့ကို ဝင်ရောက်လုပ်ကိုင်ကြပေမယ့် လူတဦး နေ့တဝက်လုပ်အားခ ကျပ် ၂,၅၀၀ ( ၁ ဒေါ်လာအောက်) သာရပြီး တနေကုန် လုပ်ကိုင်ရတာမျိုး မရှိသလို နေ့စဉ်မလုပ်ရဘူးလို့လည်း ဆိုပါတယ်။ 

"အရင်ကတော့ ဆန်ကောင်းမှစားတာ ဆန်ကွဲကို မစားကြဘူး။ အခုတော့ဆန်လတ်ကျိုးလို့ ခေါ်တဲ့ဆန်ကွဲကို စားသုံးသူတွေများလာကြပြီ။ မိသားစုများသူက အိတ်လိုက်ဝယ်စားပြီး နည်းတဲ့သူတွေကတော့ ပြည်ကောက် ဝယ်စားကြတယ်” လို့ မြစ်ခြေမြို့ခံတဦးက ပြောပါတယ်။  

ယခင်က မနောသုခ ၂၄ ပြည်ဝင်တအိတ် ကျပ် ၄ သောင်းခွဲကနေကျပ် ၉ သောင်းခွဲ ဈေးပေါက်ပြီး ယခင် ကျပ် ၆ သောင်းဝန်းကျင်ရှိတဲ့ စလင်းဆန်(စလင်းဒေသထွက်) တအိတ်ဟာလည်း ကျပ် ၁ သိန်းခွဲ ဈေးပေါက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိစားသုံးနေတဲ့ ၂၄ ပြည်ဝင် ဆန်လတ်ကျိုးတအိတ်ဟာ အမျိုးအစားပေါ်မှုတည်ပြီး ကျပ် ၆ သောင်းနဲ့ ကျပ် ၇ သောင်းဝန်းကျင် ရှိတယ်လို့ဆိုပါတယ်။ 

ဒါ့အပြင် မနောသုခဆန်ကြမ်း ၁ ပြည်ဟာ ကျပ် ၄,၀၀၀ ဝန်းကျင်ရှိပြီး ဆန်ကွဲ ၁ ပြည်ကတော့ ကျပ် ၂,၉၀၀ ဝန်းကျင်ရှိတာကြောင့် ဆန်နဲ့ ဆန်ကွဲတပြည်ချင်းစီ အလိုက် ကျပ် ၁,၀၀၀ ဝန်းကျင်ကွာပြီး တအိတ်ချင်းစီ အလိုက် ကျပ် ၂ သောင်းခွဲဝန်းကျင် ကွာခြားတယ်လို့ သိရပါတယ်။ 

ဆန်လတ်ကျိုးဟာ စပါးကို ဇီးရိုးမှတ် (အကျိုးအကြေမရှိဆန်သားသီးသန့်) ဆန် ထုတ်လုပ်ရာက ထွက်ရှိလာတဲ့ ဆန်ကွဲဖြစ်တယ်လို့ ဆိုပါတယ်။  

“ဆလတ်ကျိုးက စပါးတင်း ၁၀၀ ကြိတ်မှ ၄ အိတ်နဲ့  ၅ ကြားသာထွက်တာပါ။ ၃ ပုံ ၁ ပုံ ကျိူးနေတဲ့ ဆန်စေ့ကို ခေါ်တာပါ” လို့ ပြည်မြို့က ဆန်စက်လုပ်ငန်းရှင်တဦးဆီက သိရပါတယ်။ 

စစ်ကောင်စီဟာ ကြီးမြင့်နေတဲ့ကုန်ဈေးနူန်းကို ထိန်းချုပ်လိုတာကြောင့် မြိုနယ်တချို့မှာ ဧည့်မထဆန် ၁ ပြည်ကို ကျပ် ၂၅၀၀ နဲ့ ဆန်ကုန်သည်များအသင်းကို ရောင်းချခိုင်းတာတွေရှိပေမယ့် ရက်ရှည်ရောင်းချတာမျိုး မရှိသလို ဆန်ဈေးလည်း သိသာစွာကျဆင်းတာမျိုးတော့ မရှိသေးပါဘူး။ 

ပုံစာ - ဆန်အရောင်းဆိုင်တဆိုင်တွင် ဆန်ကွဲများရောင်းချရန် ချိန်တွယ်နေစဉ်။ (ပုံဟောင်း)
 

စာတည်း လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူမြို့ #ဆန်လတ်ကျိုး #ဆန်ကွဲ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10