ပခုက္ကူခရိုင်တပ်ရင်း ၁၇ မှ PDF ရဲဘော်တွေကို ယူနီဖောင်းနဲ့ ကိုယ်ပိုင်နံပါတ်များ ပေးအပ်

ပခုက္ကူခရိုင်တပ်ရင်း ၁၇ မှ PDF ရဲဘော်တွေကို ယူနီဖောင်းနဲ့ ကိုယ်ပိုင်နံပါတ်များ ပေးအပ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ အမှတ် ၁ စစ်ဒေသ၊ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းမှ PDF ရဲဘော်တွေကို ယူနီဖောင်းတပ်ဆင်ပေးတာနဲ့ ကိုယ်ပိုင်နံပါတ်တွေကို ဧပြီ ၁၂ ရက်က ပေးအပ်ခဲ့တယ်လို့ အဲဒီတပ်ရင်းဆီက သိရပါတယ်။

ခရိုင်တပ်ရင်းမှာ ၂ နှစ်ကျော် တာဝန်ထမ်းဆောင်နေတဲ့ PDF ရဲဘော် ၂၀၀ ကျော်ထဲမှ ရဲဘော် ၁၂၀ ကို ယူနီဖောင်း ထပ်မံတပ်ဆင်ပေးတာဖြစ်ပြီး ကိုယ်ပိုင်နံပါတ်တွေလည်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို တပ်ရင်းက ရဲဘော်တွေကို ယူနီဖောင်းတပ်ဆင်ရာမှာ တပ်ရင်းရံပုံငွေရှာဖွေရေး ဦးဆောင်ကော်မတီအဖွဲ့တွေက ပြည်သူလူထုထံမှ လှူဒါန်းငွေတွေနဲ့ ဝယ်ယူပေးခဲ့တာလို့ သိရပါတယ်။

"အရင်ကလည်း ယူနီဖောင်း ဆင်ထားပါတယ်။ အခုယူနီဖောင်းတစုံစီ ထပ်ပေးတာပါ။ တိုက်ခိုက်ရေး ရဲဘော် အားလုံးတော့ မပေးနိုင်သေးပါဘူး။ အမာခံ ရဲဘော်တွေဖြစ်လို့ ကိုယ်ပိုင်နံပါတ်တွေလည်း ပေးတာပါ" လို့ ခရိုင်တပ်ရင်း၊ တပ်ရေးဗိုလ်က ပြောပါတယ်။

ရဲဘော်တွေရဲ့ ယူနီဖောင်း ၁ စုံကို ခရီးစရိတ်အပါ ကျပ် ၁ သိန်းကျော် ကုန်ကျခဲ့ပြီး ရဲဘော်ဦးရေ ၁၂၀ အတွက် ကျပ်သိန်း ၁၂၀ ကျော် ကုန်ကျခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ထို့အတူ ကိုယ်ပိုင်နံပါတ်တွေ ပေးအပ်ရာမှာလည်း EAO တပ်ဖွဲ့တွေဆီမှာ အခြေခံစစ်ပညာသင်တန်း၊ အကြပ်သင်တန်း၊ အရာရှိသင်တန်းတွေ တက်ရောက်ခဲ့ပြီး တပ်ရင်းရဲ့အမာခံရဲဘော်တွေ ဖြစ်လာတဲ့အတွက် ရဲဘော် ၂၀၀ ကျော်ကိုလည်း ကိုယ်ပိုင်နံပါတ်တွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပခုက္ကူခရိုင်တပ်ရင်းမှာ ရဲဘော်သစ်တွေ ထပ်မံရောက်ရှိနေပြီး သင်တန်းပေးနေတာတွေရှိသလို အဲဒီရဲဘော်တွေကိုတော့ ယူနီဖောင်းနဲ့ ကိုယ်ပိုင်နံပါတ်ထုတ်ပေးတာ မရှိသေးဘူးလို့ သိရပါတယ်။

ပခုက္ကူခရိုင်တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်းအမှတ် ၂၊ ၆၊ ၇၊ ၁၇ တပ်ရင်းတွေပူးပေါင်းပြီး ပြုလုပ်နေတဲ့ "နံ့သာမြိုင် ကမ်ပိန်း" မှာလည်း ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့ တပ်ရေးဗိုလ်ကြီးက ပြောဆိုထားပါတယ်။

ပုံစာ - PDF ရဲဘော်တွေကို ယူနီဖောင်းနဲ့ ကိုယ်ပိုင်နံပါတ်များ ပေးနေစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူခရိုင် #စစ်ဒေသ #PDF #ယူနီဖောင်း #ကိုယ်ပိုင်နံပါတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10