ပခုက္ကူခရိုင်တပ်ရင်း စခန်းတခု မီးရှို့ဖျက်ဆီးခံရ

ပခုက္ကူခရိုင်တပ်ရင်း စခန်းတခု မီးရှို့ဖျက်ဆီးခံရ

မြိုင်မြို့နယ်ထဲမှာရှိတဲ့ ပခုက္ကူခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၃၊ တပ်ခွဲမှူး ကိုမန်းအောင်နိုင်ကြည်ဦးစီးတဲ့ စခန်းကို စစ်ကောင်စီတပ်ဖွဲ့တွေက ဇူလိုင် ၂၉ ရက် မနက် ၅ နာရီလောက်မှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ တပ်ခွဲ ၃ အဖွဲ့ဝင်ဆီက သိရပါတယ်။

မြိုင်မြို့နယ်တွေဘက်ကို စစ်ကြောင်းထိုးနေတဲ့ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား  ၈၀ ဝန်းကျင်နဲ့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး မနေ့က မနက်ပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲ့ စခန်းကို ရုတ်တရက်ဝင်ရောက်လာပြီး စခန်းမှာရှိတဲ့ ရဲဘော်တွေရဲ့ အဝတ်အစားတချို့နဲ့ တဲတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

“ဒီစစ်ကြောင်းက ၂၃ ရက်ကတည်းက အစ်ကိုတို့ PDF ပူးပေါင်းအဖွဲ့တွေကို လိုက်တိုက်နေတာ။ အဲ့ဒီနေ့က စခန်းမှာ စစ်ဆင်ရေးတာဝန်အသီးသီးရှိလို့ စစ်သည်တိုင်း ပြင်ပရောက်နေကြတော့ လက်နက်ခဲယမ်း လူအထိခိုက်ဆုံးရှုံးမှုတော့ မရှိလိုက်ဘူး ” လို့ ပခုက္ကူခရိုင်တပ်ရင်း တပ်ခွဲ ၃ အဖွဲ့မှ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စခန်းထဲမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းတွေထောင်ထားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းထဲဝင် လာချိန်မှာတော့ တိုက်မိုင်းတလုံးကွဲသွားပြီး ကျန်တဲ့ရှေ့ထွက်မိုင်းတွေကိုတော့ ဖော်ပြီး အကုန်ဖျက်ဆီးသွားကြတယ်လို့လည်း ဆိုပါတယ်။

စခန်းကိုမီးရှို့ပြီး ညနေ ၅နာရီခွဲလောက်မှာ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဟာ မြိုင်မြို့နယ်ထဲက မင်းကန်ရွာမှာ တညအိပ်ခဲ့ပြီး ၃၀ ရက်မနက်မှာတော့ အဲ့ဒီရွာနဲ့ ၃ မိုင်ခွဲလောက်ဝေးတဲ့ ပန်းတိုင်းတောရွာထဲကို ဓားစားခံတွေနဲ့အတူ ဝင်ရောက်သွားတယ်လို့လည်း သူကဆက်ပြောပါတယ်။

“ဖမ်းဆီးခံရတဲ့ သူတွေက နှောပင်ရွာအပါအဝင် ၃ ရွာလောက်က ပြည်သူတွေပဲ ။ သူတို့လက်ထဲမှာ ဓားစာခံပြည်သူတွေပါတော့ အစ်ကိုတို့ဝင်တိုက်လို့မရဘူး။ အဲ့အခြေနေကို စစ် **တွေကအသုံးချနေတာ။ မနေ့ကတည်းက ပန်းတိုင်ရွာထဲကိုဝင်မွှေသွားတယ်” လို့ဆိုပါတယ်။

လက်ရှိမှာ ပခုက္ကူခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၃ က ကာကွယ်ရေးအဖွဲ့တွေဟာ စခန်းထဲမှာရှိတဲ့ ပစ္စည်း၊ အဝတ်အထည်၊ စားသောက်ကုန်တွေ မီးလောင်သွားတာကြောင့် နေစရာနေရာမရှိတော့တဲ့အတွက်  စခန်းအသစ်ပြန်လည် တည်ဆောက်ဖို့အတွက် အကူညီတချို့လည်း လိုအပ်တယ်လို့ သိရပါတယ်။

အခုလိုစစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတဲ့အတွက် မင်းကန်ရွာ၊ ပန်းတိုင်းတောအရှေ့ရွာနဲ့ အနောက်ရွာ၊ ညောင်ရွာ၊ ဂွေးပင်းတွင်းရွာ၊ မင်းကန်ရွာစတဲ့ကျေးရွာက ဒေသခံပြည်သူ ၂ ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မကွေးတိုင်း #ပခုက္ကူ #မြိုင် #ပကဖ #စခန်းမီးရှို့ခံရ #စစ်ရှောင် #စစ်ကောင်စီ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10