ပခုက္ကူနယ်က PDF စခန်းစီးနင်းခံရပြီး ရဲဘော် ၂ ဦး အပါ ၃ ဦးအသတ်ခံရ၊ သေနတ် ၄ လက် ဆုံးရှုံး

ပခုက္ကူနယ်က PDF စခန်းစီးနင်းခံရပြီး ရဲဘော် ၂ ဦး အပါ ၃ ဦးအသတ်ခံရ၊ သေနတ် ၄ လက် ဆုံးရှုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ ကင်းစခန်းတစ်ခု ဝင်ရောက်စီးနင်းခံရပြီး ရဲဘော် ၂ ဦးနဲ့ ထမင်းချက် ၁ ဦးအသတ်ခံရကာ သေနတ် ၄ လက်ဆုံးရှုံးသွားတယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ခွဲ ၁(‌မြေလတ်ဒေပြောက်ကျားတပ်ဖွဲ့-MRG) ဆီက သိရပါတယ် ။

ဇွန် ၁၈ ရက် ညနေ ၄ နာရီခန့်မှာ ပခုက္ကူမြို့၊ တပ်မ ၁၀၁ ကထွက်လာတဲ့ အင်အား ၄၀ ဝန်းကျင် စစ်တပ်စစ်ကြောင်းက မြို့နဲ့ ၄ မိုင်အကွာ ကင်မွန်းခါးကျေးရွာစပ်အနီးရှိ ပခုက္ကူမြို့နယ်ပြည့်သူကာကွယ်ရေးအဖွဲ့ တပ်ခွဲ ၁ စခန်းကို ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

" ခုခံရင်း အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်လောက်တော့ဖြစ်တယ်။ စခန်းထဲမှာ ဖမ်းဆီးခံရတဲ့ ရဲဘော်တယောက်နဲ့ ထမင်းချက်တယောက်ကို ခေါင်းကိုပစ်သတ်သွားတာ။ ကျန်တယောက်ကတော့ ခန္ဓာကိုယ်ကိုထိသွားတာ။ သေနတ် ၄ လက်ဆုံးရှုံးတာကို **တွေတင်ထားတာတော့ ၃ လက်ပဲတင်ထားတယ် ၊ ဘာလို့လဲတော့မသိဘူး " လို့ ပခုက္ကူမြို့နယ်ပြည့်သူ့ကာကွယ်ရေးအဖွဲ့တပ်ခွဲ ၁ (‌မြေလတ်ဒေပြောက်ကျားတပ်ဖွဲ့-MRG)တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စခန်းစီးနင်းခံရမှုအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ပုလင်း အသက် ၃၉ နှစ်၊ ရဲဘော် လားလား အသက် ၁၉ နှစ်နဲ့ စခန်းမှာ ထမင်းချက်ပေးတဲ့ အမျိုးသား ၁ ဦးတို့ကျဆုံးခဲ့ပြီး G-3 သေနတ် ၂ လက် ၊ AK  ၁ လက်၊ MK 12 ၁ လက်၊ ကျည်ဆန်တွေနဲ့ အရေးကြီးအသုံးအဆောင်ပစ္စည်းတွေကို စစ်ကောင်စီတပ်က သိမ်းဆည်းသွားခဲ့ကာ စခန်းအနီးဝန်းကျင်မှာလည်း တိုက်မိုင်းတွေထောင်သွားတယ်လို့ ဆိုပါတယ်။

စခန်းကိုစီးနင်းသွားတဲ့ စစ်ကောင်စီတပ်သားတွေ တပ်မ ၁၀၁ ကို ကားနဲ့ပြန်လာစဉ် ပခုက္ကူနယ်ထဲက ကျေးရွာတရွာအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အထက်ပါတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ် ။

" အပြန်မှာ ကျနော်တို့ တာဝန်ယူထားတဲ့ ရွာတွေရှိတယ် ။ အဲဒီရွာနားကနေ ဖြတ်ပြန်တာဖြစ်တဲ့အတွက်  မိုင်း‌ဆွဲတယ်၊ ၄၀ မမတွေနဲ့ပစ်တယ်။ ထိခိုက်ဒဏ်ရာရတာတွေကိုတော့ တိတိကျကျ မသိရသေးဘူး " လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ပစ်သတ်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ဒေသခံ ၁ ဦးကို အဲ့ဒီနေ့ညမှာပဲ ချက်ချင်းသင်္ဂြိုဟ်ပေးခဲ့ကာ လက်ရှိမှာတော့ စခန်းဝင်စီးခံရတာနဲ့ ပတ်သက်ပြီး ပြန်လည်ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ 

#ပခုက္ကူ #PDFစခန်း #စီးနင်းခံရ #တိုက်ပွဲကျဆုံး #အသတ်ခံရ #သတင်းတို #တပ်မ၁၀၁

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10