ပခုက္ကူနယ်က ရွာချင်းဆက်လမ်းကိုပြုပြင်ပြီး လမ်းဖွင့်ပွဲပြုလုပ်

ပခုက္ကူနယ်က ရွာချင်းဆက်လမ်းကိုပြုပြင်ပြီး လမ်းဖွင့်ပွဲပြုလုပ်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ လမ်းအမှတ် ၁၊ ညောင်ပင်လမ်း ဖွင့်ပွဲကို ဧပြီလ ၂၉ ရက် မနက် ၉ နာရီလောက်မှာ ပြုလုပ်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ - NUG လက်အောက်ခံ ပခုက္ကူမြို့နယ်ဘဏ္ဍာရန်ပုံငွေ အခွန်ခွဲတမ်း ငွေကြေးထဲကနေ ကျပ်သိန်း ၉၀ ခန့်ကုန်ကျခဲ့ပြီး လမ်းအကျယ် ပေ ၂၀၊ လမ်းအရှည် ၅.၅ မိုင်ရှိတဲ့ မြေသားအမာလမ်းကို ပြုပြင်ဖောက်လုပ်ပေးခဲ့တာလို့ ဆိုပါတယ်။

"တော်လှန်ရေးအတွက် အရေးပါတဲ့လမ်းဖြစ်လို့ ပြုပြင်ခဲ့တာပါ။ အရင်က လမ်းမကောင်းတော့ အချိန်ကုန် လူပင်ပန်းနဲ့သွားခဲ့ရတယ်။ အခု ပြည်သူတွေ သွားလာရတာအဆင်ပြေသွားပြီ" လို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုကျော့ဖေကပြောပါတယ်။

ဒီလမ်းပိုင်းဟာ ယခင်က ဆိုင်ကယ်တစီးလောက်သာ သွားလို့ရတဲ့လမ်းဖြစ်ပြီး ချိုင့်ခွက်တွေ လည်းရှိကာ ကျေးရွာပေါင်း ၅၀ ကျော်က ဒေသခံပြည်သူတွေက အားထားသွားလာရတာဖြစ်တဲ့ အတွက် ဧပြီလ ၄ ရက်မှာ စတင်ပြီး ဒေသခံတွေအဆင်ပြေပြေသွားလာနိုင်ဖို့ ခုလို ဖောက်လုပ်ပေးခဲ့တာ လို့ ဆိုပါတယ်။ 

“အရင်က ဆိုင်ကယ်တစီး သာသာလောက်ပဲသွားလို့ရတယ်။ ဂမူတွေလည်းဖြိုချ၊ ချိုင့်ခွက်တွေလည်း ဖို့ရ၊ သစ်ပင်တွေပိတ်နေလို့ လှဲရတာတွေလည်းရှိတယ်။”လို့ ကိုကျော့ဖေက ပြောပါတယ်။  

လမ်းဖွင့်ပွဲကို ပခုက္ကူမြို့နယ်ပအဖ အဖွဲ့ခေါင်းဆောင် ကိုကျော့ဖေ၊ ပကဖ တာဝန်ခံ ကိုဇင်ယော်၊ ကျန်းမာရေးတာဝန်ခံ ဒေါက်တာရဲနဲ့ ဘဏ္ဍာရေးတာဝန်ခံဒေါ်တီကျု တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကဏ္ဍအသီးသီးက တာဝန်ရှိသူတွေနဲ့  တပ်ခွဲမှူးများမှလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပုံစာ - လမ်းပြင်ဆင်နေပုံနဲ့ ဧပြီလ ၂၉ ရက်က လမ်းဖွင့်ပွဲပြုလုပ်နေစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #လမ်းပြုပြင် # NUG #ပအဖ #ပကဖ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10