ပခုက္ကူ ဖလံအိုကျေးရွာအုပ်စုက ပျူစောထီးတွေတိုက်ခိုက်ခံရပြီး ၁၀ ဦးဝန်းကျင်သေဆုံး၊ ၁ ဦး အဖမ်းခံရ

ပခုက္ကူ ဖလံအိုကျေးရွာအုပ်စုက ပျူစောထီးတွေတိုက်ခိုက်ခံရပြီး ၁၀ ဦးဝန်းကျင်သေဆုံး၊ ၁ ဦး အဖမ်းခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာအုပ်စုက ပျူစောထီးတပ်စွဲထားတဲ့ ရှင်မကန်ရွာကို ဇွန် ၂၅ ရက် မနက် ၅ နာရီခွဲခန့်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ပျူစောထီး ၁၀ ဦး ဝန်းကျင်သေဆုံးခဲ့တယ်လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDA အဖွဲ့ဆီက သိရပါတယ်။ 

တိုက်ပွဲမှာ သေနတ် ၆ လက်၊ ကျည် ၅၀၀ ဝန်းကျင်နဲ့ လက်ပစ်ဗုံး ၂ လုံးအပါဝင် စစ်သုံးပစ္စည်းတချို့ကို တော်လှန်ရေးအင်အားစုတွေဘက်က သိမ်းဆည်းမိခဲ့ပြီး ပျူစောထီးအဖွဲ့ဝင်တဦးကိုလည်း ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။ 

“ထွက်ပြေးသွားတဲ့ ပျူစောထီးတွေလည်းရှိတယ်။ သုံ့ပန်းကတော့ ကျနော်တို့ ဆေးကုသပေးပြီးတော့ နယ်ခံ ဒေသခံကာကွယ်ရေးအဖွဲ့ကို လွှဲအပ်ခဲ့ပါတယ်။” လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDA ရဲ့ တာဝန်ခံ ကိုလပြည့်က ပြောပါတယ်။ 

တနာရီနီးပါးကြာ အဲဒီတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်ဟီးရိုးဆိုတဲ့ ဧရာဒေါင်းတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ 

တိုက်ပွဲအပြီးမှာ G 3 အမျိုးအစား သေနတ် ၁ လက် ၊ ကာဘိုင် ၄ လက် ၊ ဘီအေ(63) အမျိုးအစား သေနတ် ၁ လက် ၊လက်လုပ်သေနတ် ၁ လက် ၊ ကာဘိုင်သေနတ်ပြောင်း ၂ ပြောင်း ၊ လက်ပစ်ဗုံး ၂ လုံး ၊ လမ်းလျှောက် စကားပြောစက် ၁ လုံး ၊ ခဲယမ်းကျည်မျိုးစုံ ၅၀၀ နဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။ 

ဒီတိုက်ပွဲကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) အပါအဝင် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ABSDF အမှတ် ၃ စစ်ကြောင်း၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)၊ ဒေသခံ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင် ပကဖ၊ ဓားမင်းကြီး တပ်ဖွဲ့၊ MCKC PDF၊King Fighter (SGF)၊ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပေါက်)၊ PDF Kanma တပ်ပေါင်းစု၊ Pauk Basic on Revolution Force (ဗိုလ်တစ္ဆအဖွဲ့)၊ Pauk ပကဖ Drone Team၊7 star (မြိုင် ပကဖ)၊ ဗိုလ်စနေ အဖွဲ့၊ Red Giant နဂါးနီ နဲ့ ကမ္မတော်လှန်ရေးတပ်ဦး KMRF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

ပုံစာ - ဖမ်းမိထားသော ပျူစောထီးနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူမြို့  #ဖလံအိုကျေးရွာ #ပျူစောထီး #ရှင်မကန်ရွာ #PDA

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10