ပခုက္ကူမြို့အဝင် လမ်းပိုင်း ၄ ခုကို စစ်တပ်ကပိတ်ထား

ပခုက္ကူမြို့အဝင် လမ်းပိုင်း ၄ ခုကို စစ်တပ်ကပိတ်ထား

မကွေးတိုင်း၊ ပခုက္ကူမြို့ကိုဝင်ရောက်တဲ့ လမ်းပိုင်း ၄ ခုကို ဇူလိုင် ၁၀ ရက် ဒီနေ့မနက်ကစလို့ စစ်ကောင်စီတပ်က ပိတ်လိုက်တယ်လို့ ဒေသသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

 

ပခုက္ကူမြို့ကို ဝင်ရောက်တဲ့လမ်းပိုင်းတွေဖြစ်တဲ့ မြိုင်-ပခုက္ကူ၊ ပေါက်-ပခုက္ကူ၊ ရေစကြို-ပခုက္ကူ၊ ညောင်ဦး-ပခုက္ကူ စတဲ့ လမ်းပိုင်း ၄ ခုကို ပိတ်လိုက်တာဖြစ်ပြီး မြို့ပြင်ကလူတွေ မြို့ထဲကို ဝင်ရောက်ခွင့်မပြုသလို၊ မြို့တွင်းကလူတွေကိုလည်း မြို့ပြင်ထွက်ခွင့်မပြုဘူးလို့ ဆိုပါတယ်။

 

“ကျနော်တို့ကြားတာကတော့ စစ်တပ်အကောင်ကြီးတကောင် ၈ ရက်နေ့လောက်ကစပြီး မြိုင်နယ်ထဲကို ရောက်နေတယ်။ အဲ့အတွက် လမ်းတွေကို ပိတ်ထားတယ်။ မြို့ကို အဝင်၊အထွက်လုပ်လို့မရဘူး ” လို့ ပခုက္ကူမီဒီယာတာဝန်ခံ ကိုတေဇက မြေလတ်အသံကို ပြောပါတယ်။

 

ပခုက္ကူမြို့ကိုဝင်ရောက်တဲ့ လမ်းပိုင်း ၄ ခုရဲ့ နေရာတခုစီတွေမှာ  စစ်အင်အား ၃၀ လောက်နဲ့ ဂိတ်ချပိတ်ဆို့ထားတာဖြစ်ပြီး အဆိုပါလမ်းပိုင်းတွေကို  ဇူလိုင် ၁၃ ရက်အထိ ပိတ်ထားမယ်လို့သိရတယ်လို့လည်း သူကဆိုပါတယ်။

 

ပေါက်နဲ့မြိုင်အခြေစိုက် ပကဖအဖွဲ့တွေကလည်း ပေါက်၊မြိုင် - ပခုက္ကူလမ်းပိုင်းတွေကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားလို့ ပြေးဆွဲနေတဲ့ကားတွေ ရပ်နားထားတယ်လို့ဆိုပါတယ်။

 

“လမ်းတွေပိတ်ထားတယ်။ အရင်ရက်တွေက ကားသမားတွေချောဆွဲခံရတာတွေရှိလို့ ကားတွေလည်း မထွက်တော့ဘူး” လို့ ပေါက်ပကဖအဖွဲ့ဝင်တဦးက ပြောပါတယ်။

 

မြိုင်ဒေသခံတဦးကတော့ မြိုင်နယ်ကို ဇူလိုင်လ ၁၁ ရက်ကစတင်ကာ လမ်းပိုင်းတွေပိတ်မည်ဖြစ်ပြီး ဆန်အပါအဝင် စားနပ်ရိက္ခာသယ်ဆောင်တာတွေ ကန့်သတ်ပိတ်ဆို့လာတယ်လို့ ဆိုပါတယ်။

 

“ မြိုင်ဘက်မှာ မနက်ဖြန် ၁၁ ရက်နေ့က စပြီး လမ်းတွေပိတ်မယ်လို့‌ကြားတယ်။ ဒီနေ့အထိတော့ လမ်းပိုင်းတွေပေါ်မှာသွားလို့ လာလို့ရသေးတယ်။ ဆန်တွေဘာတွေသယ်တာတွေက အရင်ထဲကကန့်သတ်တာတွေရှိတယ်။ ခုက ဖြတ်လေးဖြတ်ပုံစံမျိုးလုပ်မယ်လို့လည်း ကြားနေတယ်” လို့ ပြောပါတယ်။

 

ဒါ့အပြင် ဇူလိုင် ၉ ရက်ကလည်း မြိုင်နယ်ဘက်ကို စျေးဝယ်လာတဲ့ပြည်သူတွေကိုဆန်အိတ် ၄ အိတ်ထက် ပိုဝယ်ခွင့်မပြုဘူးလို့ ပခုက္ကူမီဒီယာတာဝန်ခံ ကိုတေဇကပြောပါတယ်။

 

“ရွာသားတွေကိုတော့ ဆန်အိတ် ၄ အိတ်ထက်ပိုပြီး ပေးမဝယ်တော့ဘူး။ သူတို့သတ်မှတ်ထားတဲ့အတိုင်းမလုပ်ဘဲ ဆန်အိတ်တွေ ပိုသယ်လာရင် တအိတ်ကို ဒဏ်ငွေ ၅ သောင်းရိုက်မယ်ဆိုပြီးပြောတယ်” လို့  ပြောပါတယ်။

 

အခုလိုစစ်ကောင်စီတပ်က လမ်းတွေပိတ်ထားတဲ့အတွက် ပြည်သူတွေအနေနဲ့ နယ်မြေသတင်းများကိုနားစွင့်ပြီး အသွားအလာဆင်ခြင်ကြဖို့နဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေဘက်ကို ဖြတ်သန်းသွား လာတာတွေ မပြုလုပ်ကြဖို့ကိုလည်း Pakokku Media ကထုတ်ပြန်ရေးသားထားပါသေးတယ်။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #မြိုင် #လမ်းပိုင်း #စစ်ကောင်စီတပ် #ပိတ်ဆို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10