ပခုက္ကူလဝကရုံး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ

ပခုက္ကူလဝကရုံး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးကို ဇန်နဝါရီလ ၂၆ ရက် မနေ့ညနေက လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Pakokku Undergroung Force က သတင်းထုတ်ပြန်ထားပါတယ်။

ပခုက္ကုမြို့  အမှတ် ၃၃ လမ်းရှိ လဝကရုံးကို ရဲနဲ့စစ်သား ၅ ဦး လုံခြုံရေးနဲ့အတူ ဧည့်စာရင်းစစ် လူဦးရေ စာရင်းကောက်ပြီးပြန်ရောက်ချိန် မနေ့ညနေ ၄ နာရီကျော်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"မနေ့ကမှ တိုက်ဆိုင်သွားတာ ကျနော့်တို့က သူတို့အခြေအနေကို သွားကြည့်တာ စောင့်ကြည့်နေတာကြာပြီ။ မနေ့ကမှ တိုက်ဆိုင်သွားလို့ လက်ပစ်ဗုံးတလုံးနဲ့ ပစ်ပေါက်ခဲ့တာပါဗျ။ နောက်ဆုံးရတဲ့ သတင်းအရ စစ်အုပ်စုဘက်က ၂ ဦး သေတယ်လို့ အတွင်းသတင်းရတယ်" လို့ Pakokku Undergroung Forceရဲ့ တာဝန်ခံ ကိုကံကောင်းက ပြောပါတယ်။

ပစ္စည်းအင်အား မတတ်နိုင်တာကြောင့် လက်ပစ်ဗုံးတလုံးနဲ့သာ အဆင်ပြေအောင် တိုက်ခိုက်ခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို လက်မခံတာကြောင့် လက်တုံ့ပြန် စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံတွေအပြင် ရဲနဲ့ပျူ ၇ ဦးလောက် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် တိုက်ခိုက်တဲ့ ရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းတွေ လိုက်လံကောက်ခံမှု စတင်ခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နောက်ပိုင်းကစလို့ မြို့နယ်အချို့က လဝကရုံးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏဆိုသလိုတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၃ ရက်ကတော့ Pakokku Underground Force စခန်းကို စစ်တပ်က ဝင်ရောက် ဖျက်ဆီးမီရှို့သွားတာကြောင့် စခန်းအတွင်းက လက်နက်ခဲယမ်းရိက္ခာ ကာလတန်ကြေး စုစုပေါင်းသိန်း ၁၅၀ ခန့် ပျက်စီးဆုံးရှုံး ခဲ့ရပါသေးတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10