ပခုက္ကူ၊ ရေမျက်ရွာက နေအိမ် ၈ လုံးကိုစစ်တပ်ကမီးရှို့

ပခုက္ကူ၊ ရေမျက်ရွာက နေအိမ် ၈ လုံးကိုစစ်တပ်ကမီးရှို့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေမျက်ရွာက နေအိမ် ၈ လုံးကို ဒီဇင်ဘာ ၁၈ ရက်မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ညောင်ဂျစ်ပင်ရွာကပျုစောထီးတွေနဲ့ စစ်ကောင်စီတပ်သား ၃၀ ကျော်ဟာ ရွာနဲ့ မီတာ ၅၀၀ အကွာရှိ ရေမျက်နီ ကျေးရွာကို စစ်ကြောင်း ၂ ကြောင်းခွဲကာ ပစ်ခတ်ဝင်ရောက်လာပြီး ရွာလယ်ရှိနေအိမ်တွေကို မီးရှို့ခဲ့တာပါ။ 

ရွာထဲကိုမဝင်ခင်မှာ ရွာသားဦးလှပိုးနဲ့ ရွာအပြင်ဘက်ရှိအာလူးခင်းမှာရေလောင်းနေတဲ့ ဦးသောင်းတင်ဌေးတို့ကို စစ်ကြောင်း ၂ ကြောင်းက ၁ ယောက်ဆီဖမ်းဆီးပြီး ရွာထဲကိုဓါးစာခံအဖြစ်ခေါ်လာခဲ့ပြီး PDF တွေနဲ့ပတ်သက်တာတွေကို မေးမြန်းတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။  

“ကျနော်တို့ဆီမှာက အာလူးစိုက်ချိန်ဆိုတော့ အာလူးပင်တွေကို မဖြစ်မနေရေသွားလောင်းရတယ်။ အဲဒါဦးသောင်းတင်ဌေးက ရေသွားလောင်းတာ၊ ဝါခင်းကနေသူတို့ထွက်လာတာကို မမြင်လိုက်တော့ ဖမ်းခံလိုက်ရတာ၊ ဖမ်းပြီးတော့ ရေမျက်နီကိုဘယ်ကနေဝင်ရလဲဆိုပြီး ဖမ်းခေါ်သွားတယ်။ ဦးလှပိုးကတော့ ရွာစပ်မှာ အဖမ်းခံလိုက်ရတာ၊” လို့ ရေမျက်ရွာသားတဦးက ပြောပါတယ်။ 

အဲ့ဒီနောက်မှာ ရွာထဲကိုဝင်ရောက်မီးရှို့ပြီး မနက် ၁၀ နာရီလောက်မှာတော့ ဖမ်းထားတဲ့ရွာသား ၂ ဦးကိုလွှတ်ပေးပြီး စစ်ကြောင်းက ညောင်ဂျစ်ပင်ရွာထဲကို ပြန်ဝင်သွားတယ်လို့ဆိုပါတယ်။ 

ရေမျက်ရွာကိုမဝင်ခင် ရွာရဲ့အနီးတဝိုက်မှာရှိတဲ့ကျေးရွာတွေကို အဲဒီစစ်ကောင်စီအဖွဲ့က မီးရှို့နေတာကြောင့် ရေမျက်ရွာကဒေသခံတွေလည်း ကြိုတင်တိမ်းရှောင်နေခဲ့ကာ ဒီဇင်ဘာ ၁၉ ရက် ဒီနေ့နဲ့ဆို ၈ ရက်ခန့်ရှိပြီလို့ ဆိုပါတယ်။ ဒါ့ကြောင့် စစ်ကြောင်းဝင်ချိန်မှာ ဒေသခံတွေက ရွာထဲမှာမရှိခဲ့ပါဘူး။ 

“ကျနော်တို့ရွာနဲ့နီးတဲ့ရွာတွေကို မီးရှို့ကတည်းက ကျနော်တို့ ကြိုတင်ပြီးရှောင်ခဲ့တာ။ တချို့က ဘုန်းကြီးကျောင်းတွေမှာနေတယ်၊ တချို့ကလည်း ဆွေမျိုးတွေနဲ့စုပြီးနေကြတယ်။ မနေ့ကလည်းရွာထဲကို ယူစရာရှိတာတွေယူပြီးတော့ ရှောင်နေရတယ်။ အခုချိန်ထိရွာထဲဘယ်သူမှမနေရသေးဘူး” လို့ ရေမျက်ရွာဒေသခံက ဆက်ပြောပါတယ်။

စစ်ကြောင်းပြန်ထွက်ပြီး နာရီဝက်လောက်အကြာမှာတော့ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေနဲ့ ရွာသားတချို့က မီးလောင်နေတဲ့နေအိမ်တွေကို မီးငြှိမ်းသတ်ခဲ့ရတယ်လို့ နယ်မြေရှင်းလင်းရေးမှာပါဝင်တဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကျနော်တို့ ဒီကနေပြီးတော့မှ စကုတ်နဲ့ကြည့်တယ်။ သူတို့ပြန်ဆုတ်သွားပြီးဆိုကာမှ ဒီကနေအဖွဲ့တွေစုပြီးကာမှ ရွာထဲကို ရွာသားတွေနဲ့အတူ မီးငြှိမ်းတယ်။ ပြီးတော့လုံခြုံရေးယူပေးရတာပေါ့။ ထိတွေ့ပစ်ခတ်မှုတော့ မရှိလိုက်ဘူး။ သူတို့အကုန်ပြန်ဆုတ်သွားကာမှဝင်လာတာ”လို့ သူက ပြောပါတယ်။ 

ရေမျက်ရွာအနောက်ဘက်မှာရှိတဲ့ ရွာသာအေးရွာက နေအိမ် ၂၀ ကျော်ကိုလည်းစစ်ကောင်စီက ဒီဇင်ဘာ ၁၇ ရက် နေ့လယ် ၁၂ နာရီကျော်လောက်မှာ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ 

အခုလိုစစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ရေမျက်ရွာအပြင် ရေလာကြီး၊ ထန်းတပင်၊ ဖောင်ကျောင်း၊ ဖောင်းကြွ၊ ဝါးကျွန်းတွင်း၊ စောင်ကျမ်းတုန်း၊ ပြည့်အိုင်၊ ရွာသာအေးနဲ့ အိုရင်းကျေးရွာက ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ 

အိမ်ခြေ ၁၇၀ ကျော်ရှိတဲ့ရေမျက်ရွာဟာအခုလိုမီးရှို့ခံရတာ ပထမအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့ပေမယ် ၂၀၂၄၊ ဇူလိုင်လကတော့ ရေမျက်ရွာထဲကို စစ်ကောင်စီတပ်သားတွေဝင်လာပြီးနောက် ကျန်းမာရေးမကောင်းတဲ့ အမျိုးသား ၁ ဦးကိုသတ်ဖြတ်ကာ ရွာသား ၂၀ ဦးကိုလည်းရိုက်နှက်ပြီး ဒေသခံနေအိမ်တွေက လက်ဝတ်လက်စား၊ စားသောက်ကုန်တွေကို ယူဆောင်သွားခဲ့သေးတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ရေမျက်ရွာ #စစ်ကောင်စီမီးရှို့ #နေအိမ်ပျက်စီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10