သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
တော်လှန်ရေးတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတခုမှာ လူမှုကူညီရေးတွေလုပ်နေတဲ့ လူငယ်တယောက်က သူ့လူမှုကွန်ရက်စာမျက်နှာမှာ ဓာတ်ပုံလေးတပုံနဲ့ စာတိုလေးတပိုဒ် တင်တယ်။
ဓာတ်ပုံထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအဝင် စစ်ဘေးရှောင်ပြည်သူတချို့ စီတန်းမတ်တပ်ရပ်နေ ကြတယ်။ သူတို့ကို အလှူငွေ ဖြစ်စေ၊ စားနပ်ရိက္ခာဖြစ်စေ မျှဝေချိန်မှာ ရိုက်ထားဟန်ရှိပါတယ်။
အားလုံးက မျက်နှာ မသာမယာတွေနဲ့။ တချို့က ပိန်လှီလှီမွဲခြောက်ခြောက်။ အပြုံးအရယ် အရိပ်အယောင် တောင်မှ မမြင်ရတဲ့ သူတို့ဓာတ်ပုံတွေနဲ့အတူတူ တွဲတင်ထားတဲ့ အဲဒီ စေတနာ့ဝန်ထမ်းလူငယ်ရဲ့ စာတပိုဒ်ကို ဖတ်မိတယ်။
စစ်ပွဲတွေကြောင့် လျှပ်စစ်မီးတွေ မရှိ၊ အလုပ်အကိုင်မရှိကြတဲ့ စစ်ရှောင်ပြည်သူတွေကြားထဲ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ တိုးသထက် တိုးပွားလာတဲ့အပေါ် ဟာသအဖြစ် နောက်ပြောင်ထားတဲ့ သူ့ အရေးအသားကို အတိုင်းသားမြင်ရတယ်။
စစ်ရှောင်တွေများပြားလာသလို လက်ခံရရှိတဲ့အလှူငွေတွေ နည်းပါးလာတဲ့အတွက် လူဦးရေတွေ တိုးအောင် မလုပ်ကြပါနဲ့လို့လည်း သူကဆိုထားသေးတယ်။
သူ့ပို့စ်အောက်မှာ ဝင်ရောက်မှတ်ချက်ပေးသူတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ ဓာတ်ပုံထဲက စစ်ဘေးသင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေသာ မြင်ရင်၊ ကြားရင်၊ ဖတ်မိရင် တကယ်ကို စိတ်မကောင်းဖြစ်ရမယ့် အရေးအသားတွေနဲ့ စကြ နောက်ကြတယ်။ ဝင်ရောက်မှတ်ချက်ပြုသူအများစုက ကိုယ်ဝန်ဆောင်ရခြင်း အတွေ့အကြုံကို ကြုံစရာမလိုတဲ့ ယောက်ျားသားတွေချည်းပဲဖြစ်ကြတယ်။ သူ့စာအောက်မှာ ဝင်ရောက် မှတ်ချက်ရေးထားသူတွေက လှောင်ပြောင်စော်ကားရာရောက်တဲ့ စကားလုံးတွေကို သုံးကြတယ်။
တကယ်တော့ စနောက်တာ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်ရဲ့ အတွေ့အကြုံကို ကျော်ဖြတ်ခဲ့ဖူးတဲ့ ကျမအတွက်ကတော့ အခုလိုအရေးအသားနဲ့ အပြောအဆိုတွေဟာ လှောင်ပြောင် စော်ကားတာလို့ ကောက်ချက်ချမိတယ်။
နောက်ထပ် ၁ ပတ်လောက်မှာ အဲ့လို အလားသဏ္ဍာန်တူတဲ့ ပုံနဲ့ စာတွေထပ်တင်ပြန်တယ်။ ဒုတိယအကြိမ် သူတို့လုပ်ရပ်ကို မြင်လိုက်ရချိန်မှာ ဒီစာကိုရေးဖို့ ဖြစ်လာပါတယ်။
လွန်ခဲ့တဲ့ နှစ်ဝက်ကျော်ကျော်လောက်က ရခိုင်ဒေသမှာ လက်နက်ကိုင်ပဋိပက္ခတွေစဖြစ်တော့ မိတ်ဆွေတဦးနဲ့ အလာပသလာပ ပြောရင်း အမျိုးသမီးချင်းဆိုတော့ မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်တဲ့ အကြောင်းကိုရောက်သွားတယ်။
စစ်ကောင်စီရဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ဖြတ်တောက်ခံရပြီးနောက်ပိုင်းမှာ တဖြည်းဖြည်းကြပ်တည်း လာတဲ့ အခြေအနေတွေ၊ ဆေးဝါးသယ်ယူခွင့် မရှိတော့တဲ့အခြေအနေတွေနဲ့ သားဖွားမီးယပ်ဆရာဝန်မရှိတော့တဲ့ ဒေသတွင်းအခြေအနေတွေကို ပြောပြတယ်။
ကျမမိတ်ဆွေပြောပြတဲ့ အကြောင်းအရာတွေထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးက သူသောက်နေကျ ပဋိသန္ဓေတားဆေးကဒ်အကြောင်းပါပဲ။ အရင်က ၄ ထောင်ကျပ်နဲ့ ဝယ်သောက်နေရတဲ့ သားဆက်ခြားဆေးဟာ သူနဲ့စကားပြောနေတဲ့ အချိန်ကာလတုန်းက ကျပ် ၂ သောင်းခွဲအထိ မြင့်တက်သွားတဲ့အတွက် အခက်ကြုံနေရတဲ့အခြေအနေကို သူက ခပ်ညည်းညည်း ပြောပြတယ်။
အလုပ်အကိုင်နဲ့ ဝင်ငွေတွေရပ်ဆိုင်းသွားတဲ့အပြင် ကာလတိုအတွင်း တရိပ်ရိပ်ထိုးတက်နေတဲ့ကုန်စည် ဈေးနှုန်းတွေကြောင့် မီးဖိုချောင်စရိတ်မလောက်ငှမှုကို စိုးရိမ်ပူပန်မှုဖြစ်ရသလို၊ မိသားစုစီမံကိန်းအတွက် အရေးပါတဲ့ သားဆက်ခြားဆေးဖိုးအတွက်ပါ စိတ်သောကရောက်နေရတဲ့ အမျိုးသမီးတယောက်ရဲ့ ရင်ဖွင့်စကားသံတွေကို ကျမပြန်ကြားယောင်မိတယ်။
စစ်ဘေးသင့်ခါနီးဆဲဆဲအခြေအနေမှာ နောက်ထပ်ကိုယ်ဝန်ထပ်ဆောင်ရမယ့်ကိစ္စဟာ ကလေးတယောက် မိခင်၊ သက်လတ်ပိုင်းအမျိုးသမီးတယောက်ဖြစ်တဲ့ ကျမ မိတ်ဆွေအတွက်တော့ အကြီးမားဆုံး စိုးရိမ်သောကလို့ ဆိုရမှာပါ။
အဲဒီနောက်မှာ ကျမ မိတ်ဆွေအမျိုးသမီးအပါအဝင် ပဋိပက္ခဇုန်ထဲက အိမ်ထောင်ရှိ အမျိုးသမီးတိုင်းလိုလိုဟာ ငွေရှိရင်တောင်မှ သားဆက်ခြားဆေး ဝယ်ယူလို့မရတော့တဲ့ အခြေအနေတွေနဲ့ စတင်ကြုံတွေ့လာခဲ့သလို၊ ဆေးရုံဆေးခန်းတွေလည်းမရှိ၊ ဆရာဝန်၊ သူနာပြုတွေလည်းမရှိ၊ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်လို့ စောင့်ရှောက်ပေးနိုင်တဲ့ လူတွေ၊ စနစ်တွေ ဘာတခုမှ မရှိတော့တဲ့အခြေအနေကို ရင်ဆိုင်ခဲ့ရတယ်။
အိမ်ထောင်တခု၊ မိသားစုတစုမှာ ကလေးဘယ်နှစ်ယောက်မွေးမယ်၊ ကလေးတွေကို ဘယ်လိုပြုစု ပျိုးထောင် မယ်ဆိုတဲ့ မိသားစုစီမံကိန်းမှာ ကိုယ်ဝန်ဆောင်နိုင်တဲ့ အမျိုးသမီးတွေယူကြရတဲ့တာဝန်က ပိုများပါတယ်။ ကိုယ်ဝန်ထပ်မဆောင်ရဖို့ ပဋိသန္ဓေတားဆေးသောက်ရဖို့ကိစ္စကစလို့ ကိုယ်ဝန်ထပ်ရလာရင် ထမ်းပိုးရမယ့် ကိုယ်ကာယဒုက္ခက အမျိုးသားတွေထက် ပိုတာဝန်ကြီးတယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားပါပဲ။
မြန်မာပြည်တနံတလျားက ပဋိပက္ခတွေကြားမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ရက်သတ္တပတ်အလိုက်၊ လအလိုက် ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုတွေကို မရရှိနိုင်တော့သလို ကာကွယ် ဆေးထိုးနှံခြင်းအပါအဝင်၊ ကိုယ်ဝန်ဆောင်အားဆေး သောက်သုံးခွင့်ရခြင်းတွေကိုပါ ဆုံးရှုံးလိုက်ကြရတယ်။
တိုက်ပွဲတွေပြင်းထန်လာချိန်မှာ ကိုယ်လေးလက်ဝန်နဲ့ အမျိုးသမီးတွေဟာ ဗုံးသံ၊ ကျည်သံ၊ အမြောက်သံတွေကြားမှာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းတွေကိုကျော်ဖြတ်ပြီး စစ်ဘေးကနေ တိမ်းရှောင်ကြရတယ်။ အချို့က ကိုယ့်အိမ်ကိုယ့်ယာလည်း မဟုတ်၊ ဆေးရုံဆေးခန်းလည်းမဟုတ်တဲ့နေရာတွေမှာ ဝမ်းဆွဲသည်နဲ့ ကလေးမီးဖွားကြရတယ်။
စစ်ဖြစ်လို့ပြေးကြလွှားကြရတာချင်းအတူတူ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သားသည်မအေတွေက ပိုဒုက္ခ ရောက်ရတယ်။ ပူပန်သောက ပိုကြုံရတယ်။ တချို့ဒေသတွေမှာ ကာလကြာရှည် ငတ်မွတ်ခေါင်းပါးတဲ့ဘေးတွေ ရင်ဆိုင်ရတဲ့အတွက် အာဟာရမပြည့်ဝမှုကြောင့် ကလေးမီးဖွားဖို့အတွက် ခွန်အားဗလမရှိတဲ့ မိခင်တွေဟာ မီးတွင်းထဲမှာ အသက်ဆုံးရှုံးကြရတယ်။
ဒီတော့ ခေတ်ဆိုးခေတ်ပျက်၊ စစ်ဘေးစစ်ဒဏ်သင့်နေချိန်မှာ ဘယ်အမျိုးသမီးမှ ကိုယ်ဝန်မဆောင်ချင်ကြဘူးဆိုတာ ကျမအတိအလင်းပြောရဲတယ်။ မြန်မာပြည်အနှံ့အပြားက စစ်ဘေးစစ်ဒဏ်သင့်နေတဲ့ဒေသက ကိုယ်ဝန်ဆောင်နိုင်စွမ်းရှိတဲ့ အမျိုးသမီးအယောက် ၁,၀၀၀ ကို မေးကြည့်ပါ။ အယောက် ၁,၀၀၀ လုံးက ဒီအချိန်မှာ ကိုယ်ဝန်မဆောင်ချင်ကြောင်း ယတိပြတ်ပြောကြလိမ့်မယ်လို့ ကျမတော့ အပြည့်အဝယုံကြည်တယ်။
ဆန်အိတ်တွေရှေ့ချပြီး ဓာတ်ပုံတွဲရိုက်ခံနေရတဲ့ စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာလည်း အခုလိုအချိန်မှာ ကိုယ်လေးလက်ဝန်ကြီးနဲ့ နေရာရွှေ့ပြောင်း ပြေးလွှားသွားလာနေကြရတာကို ပျော်နေမယ်လို့ ကျမ မထင်ဘူး။
သူတို့ကိုယ်တိုင် မသိလိုက်ရဘဲ သူတို့ဓာတ်ပုံတွေကိုသုံး၊ သူတို့ကို လှောင်ပြောင်တဲ့ စာသားတွေတင်နေတဲ့ အဲဒီစေတနာ့ဝန်ထမ်းကိုရော၊ မှတ်ချက်ပေါင်းများစွာနဲ့ ဝင်ရောက်အားဖြည့် သရော်စော်ကားနေတဲ့ လူ့အဖွဲ့အစည်းကိုရော သူတို့ ဘာမှ တုံ့ပြန်နိုင်စွမ်းမရှိဘူး။
ဒီတော့ အဲဒီအမျိုးသမီးတွေကိုယ်စား ကျမ ဒီစာကိုရေးမိတယ်။
ဝိုင်းဝန်းကူညီပေးနေကြတဲ့ စေတနာရှင်တွေနဲ့ လိုအပ်နေတဲ့ မြေပြင်က စစ်ဘေးဒုက္ခသည်တွေကြားမှာ ပေါင်းကူးတံတားတာဝန်ကို လုပ်ပေးနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးရှင်သဖွယ် ပဏာဝင်ယူနေတာတွေ ရပ်တန်းက ရပ်ကြပါ။ စံမမီတဲ့ စေတနာတွေဗန်းပြပြီး မဏ္ဍပ်တိုင် ဝင်ဝင်တက်နေတဲ့ လုပ်ရပ်တွေကို ရှက်တတ်ကြပါ။
စေတနာ့ဝန်ထမ်းအမည်ခံ အဲ့လို လူအမျိုးအစားတွေကို ဝိုင်းဝန်းမြှောက်ပင့် ထောက်ခံနေတဲ့ အမျိုးသားထု လူတစုကိုလည်း “စစ်ဇုန်ထဲက အမျိုးသမီးတွေဟာ လှောင်ပြောင်စရာမဟုတ်” ဆိုတဲ့ သတင်းစကား ပါးလိုက်ပါရစေ။
#မြေလတ်အသံ
#အက်ဆေး #ကိုယ်ဝန်ဆောင် #စစ်ဘေးရှောင် #သားဆက်ခြားကျန်းမာရေး #စစ်ပွဲ
Share Share Share