ပတ်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ် ထိတွေ့တိုက်ပွဲဖြစ်၊ စစ်သား ၅ ဦးသေပြီး သေနတ် ၃ လက်ရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်မှာ ပတ်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်သေဆုံးသူတွေရှိသလို လက်နက်တချို့လည်းသိမ်းဆည်းရရှိခဲ့တယ်လို့ ANTI - DICTATORSHIP PEOPLE  REVOLUTIONS’S ARMY ကထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၂ ရက် ဒီကနေ့ မနက် ၆ နာရီခွဲလောက်မှာ ပုသိမ်-မုံရွာလမ်းမပေါ်ရှိ ရဲတပ်ရင်း ၂၈ နဲ့ ဝမ်ပေါင်ကုမ္ပဏီလုံခြုံရေးအထိုင်ချထားတဲ့ အင်အား ၁၅၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားတွေထဲက ပတ်ကင်းထွက်လာတဲ့ တပ်ဖွဲ့ဝင် ၆ ဦးကို အုံတုံပင်နဲ့ ကျေးစာကျရွာကြားအရောက်မှာ ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိနစ် ၃၀ ခန့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ဘေးနားတင် ၃ ယောက်ကျသွားတာ။ ကျန်တဲ့ ၂ ယောက်ကတော့ ၁၀ မီတာအတွင်းမှာ ကျတယ်၊ ၁ ကောင်က ဒဏ်ရာနဲ့ထွက်ပြေးသွားတယ်။ လက်နက်ကောက်လို့ရခဲ့တာက ၃ လက်ပေါ့။ ကျန်တဲ့ ၂ လက်က ကောက်လို့အဆင်မပြေလိုက်ဘူး။ ပစ်ခတ်မှုဖြစ်တဲ့နေရာနဲ့ သူတို့တပ်စွဲထားတဲ့နေရာက မီတာ ၁၀၀ လောက်ပဲကွာတာဆိုတော့ သူတို့စစ်ကူက တန်းရောက်လာတာ။” လို့ ADPRA မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာနဲ့ထွက်ပြေးသွားပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကနေ MA 11 သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၁ ဦးလည်း ကျည်ထိမှန်သေဆုံးသွားတယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

“ကျသွားတာက ကျနော်တို့တပ်ရင်းကမဟုတ်ဘူး မဟာမိတ်အဖွဲ့ကပါ။ လက်ဖဝါးနဲ့ ပုခုံးအောက်ကို ထိသွားတာ။ သယ်လာတုန်းကတော့ လမ်းတဝက်လောက်အထိ အသက်ပါသေးတယ်။ ရန်သူဘက် ဖိပစ်တာဆိုတော့ ဆုတ်ရင်း ဆုတ်ရင်းနဲ့ အဆင်မပြေဖြစ်သွားတာပေါ့ ” လို့ ဆိုပါတယ်။။

လက်ရှိမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာအနီးတဝိုက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထပ်မံရောက်ရှိနေကာ စစ်ကြောင်းထိုးဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် ၃၀(ADPRA) တပ်ခွဲ ၂ (Black Shadow PDF)၊ မဲမှောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာတပ်ဖွဲ့၊ မဟူရာဒေါင်းမင်းတပ်ဖွဲ့၊ CDRF နဲ့ Black Eagle တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

စာတည်း - ဟိန်းစံ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #စစ်ကောင်စီ #တိုက်ပွဲ #လက်နက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10