ပန်းတောင်းဒေသထွက် ရာသီပေါ်ဩဇာသီး မိုးများလို့ ထွက်နှုန်းကျဆင်း

ပန်းတောင်းဒေသထွက် ရာသီပေါ်ဩဇာသီး မိုးများလို့ ထွက်နှုန်းကျဆင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ အနောက်ဘက်ကမ်း၊ ပန်းတောင်းမြို့နယ်က ထွက်တဲ့ဩဇာသီးတွေ အခုနှစ်ထွက်နှုန်းနည်းပါးတယ်လို့ ဩဇာသီးစိုက်ပျိုးသူ ခြံပိုင်ရှင်တဦးဆီက သိရပါတယ်။

ဩဇာပင်ဟာ ရေငတ်ဒဏ်ကိုခံနိုင်ပြီး ပူနွေးတဲ့ရာသီကို နှစ်သက်တာဖြစ်ပေမယ့် အခုနှစ်မှာမိုးများစွာရွာသွန်းတာကြောင့် အသီးဖြစ်မယ့်ပန်းပွင့်တွေ ပုပ်ကာ ကြွေကျတာကြောင့်လို့ ဆိုပါတယ်။ 

မိုးကာလအစောပိုင်းဖြစ်တဲ့ မေလ(ကဆုန်၊နယုန်)ထဲမှာ အပွင့်စလိုက်ပြီး ဇွန်လ(နယုန်နှောင်းပိုင်း) မှာ ရွာသွန်းတဲ့မိုးကြောင့် အပွင့်အချို့ကြွေကျခဲ့ကြတာဖြစ်ပြီး လက်ရှိ စက်တင်ဘာလ(ဝါခေါင်နှောင်းပိုင်း) မှာ စတင်ခူးဆွတ်နေကြပြီလို့ ဆိုပါတယ်။

“ ဩဇာပင်က ပျှမ်းမျှတပင်ကို အလုံး ၁၀၀ လောက်သီးတာ။ အခုနှစ်က ၇၅ လုံးလောက်ပဲ သီးတယ်။ ၃ ပုံ ၁ ပုံလောက်ကျသွားတယ်။ သူ့သဘာဝက မိုးရွာလိုက် နေပူလိုက်ကြိုက်တာလေ" လို့ ရွှေဘုံသာအုပ်စုထဲက ဩဇာသီးစိုက်ပျိုးသူတောင်သူတဦးက ပြောပါတယ်။

လက်ရှိမှာဩဇာသီး အကြီး ၁ လုံးကိုကျပ် ၅၀၀ ကနေ ကျပ် ၇၀၀ ကြားဖောက်သည်ပေးရပြီး သေးတဲ့အလုံးတွေကိုတော့ ကျပ် ၃၀၀ နဲ့ ၄၀၀ ကြားဈေးပေါက်ကာ ဩဇာခြံအရောက်လာဝယ်သူရှိသလို ခြံအထိလမ်းမပေါက်ပါက ရွာထဲမှာပဲ ရောင်းဝယ်ကြတယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဩဇာသီးအကြီး ၁ လုံးပေါက်ဈေးကျပ် ၃၀၀ ကနေကျပ် ၄၀၀ အတွင်းမှာပဲ ရောင်းဝယ်ရပြီး အခုနှစ်မှာဈေးပိုရပေမယ့် ကုန်ဈေးနှုန်းတက်နေလို့ ရရှိတဲ့ငွေဟာ မထူးခြားဘူးလို့ဆိုပါတယ်။ 

ဩဇာသီးထွက်နှုန်းကောင်းမွန်ပါက ၁ ဧကကို ကျပ် ၁၀ သိန်းခန့်ရရှိပြီး မြေဩဇာသီးသန့်ထည့်သွင်းပေးရတာမျိုးမရှိဘဲ သဘာဝအလျောက်သီးပွင့်နေတာလို့လည်း ပြောပါတယ်။

ဩဇာပင်တွေကို ပန်းတောင်းမြို့နယ် ရွှေဘုံသာစေတီအနီးက ရွှေဘုံသာရွာ၊ ညောင်ပင်သာရွာ၊ သစ်စိမ့်ပင်ရွာ၊ မကြီးစုရွာစတဲ့ကျေးရွာတွေမှာ စီးပွားဖြစ်အဓိက စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

တင်ပို့မှုအဖြစ် ပြည်-တောင်ကုတ်လမ်းမဘေးဝဲယာက တဆင့် ရန်ကုန်သို့တင်ပို့သလို ပြည်မြို့မှတဆင့်လည်း အခြားမြို့များသို့ တင်ပို့ကြပြီး နာမည်ကြီးထင်ရှားသည့် ဩဇာသီးမျိုးများ ဖြစ်ကြောင်း သိရသည်။

ပုံစာ - ပန်းတောင်းမကြီးစုကျေးရွာ ဩဇာခြံများတွင် ဩဇာသီးခူးဆွတ်နေကြစဉ် (ပုံဟောင်း) ။ ဓါတ်ပုံ - ဝေလင်း

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပြည်မြို့ #ပန်းတောင်း #ဩဇာသီး #စိုက်ပျိုးရေး #တောင်သူ #ရာသီဥတု #အထွက်နှုန်းကျ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10