ပန်းတောင်းနယ်၊ ထုံးဘိုအုပ်စုက ရေဘေးရှောင်တွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်နေ

ပန်းတောင်းနယ်၊ ထုံးဘိုအုပ်စုက ရေဘေးရှောင်တွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုကျေးရွာအုပ်စုက ရေဘေးရှောင်ပြည်သူတွေရဲ့ စားသောက်ရေးနဲ့ကျန်းမာရေးအတွက် အကူညီလိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၂ ရက်ကစတင်ကာ ထုံးဘိုအုပ်စုထဲက ခတ္တိယရပ်ကွက်၊ တောင် ၂၊ တောင် ၁၊ ရွာသစ်ကုန်းနဲ့ ၃ လမ်းရပ်ကွက်တို့ကို အဓိကရေဝင်ရောက်ခဲ့တာကြောင့် စုစုပေါင်းဒေသခံ ၆၀၀ ကျော် ရေဘေးသင့်ပြီး နေရာပြောင်းရွှေ့ နေထိုင်ခဲ့ရတာပါ။ 

အဲ့ဒီဒေသခံတွေဟာ ထုံးဘိုအုပ်စုထဲက ‌တောင်ဘုရားကြီးနဲ့ မြောက်ဘုရားကြီးတို့မှာ ပြောင်းရွှေ့နေထိုင်ကြပြီး အများစုက ဇူလိုင် ၁၄ ရက်မှ ရွှေ့ပြောင်းခဲ့ကြတာဖြစ်ပြီး လက်ရှိမှာ စားနပ်ရိက္ခာ၊ သောက်ရေနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

“အဓိက ကတော့ ဆန်၊ ဆီနဲ့ သောက်ရေလိုအပ်တာပါ။ လက်ရှိကတော့ အိမ်ကပါလာတာတွေရယ် စကစ က လာပို့တဲ့ တအိမ်ထောင် ဆန် ၃ ပြည်လောက်ပေးတာပဲ ရှိတယ်၊ မလောက်ငှဘူး။ ကျန်းမာရေးအတွက် အထူးသဖြင့်ဝမ်းရောဂါမဖြစ်ဖို့ သောက်သုံးရေလိုအပ်တယ်။ ဆေးဝါးလည်း ပါတာပေါ့၊ လက်ရှိတာ့ ကျန်းမာရေးဆိုးဆိုးဝါးဝါးဖြစ်တာမျိုး မရှိသေးဘူး” လို့  ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်ဝန်းကျင် ရေတက်ချိန်တွေက လာရောက်ကူညီတဲ့ ပရဟိတ အဖွဲ့အစည်းတွေများပေမယ့် အခုနှစ်မှာတော့ ကူညီလှူဒါန်းသူနည်းပါးတယ်လို့ သူက ဆက်ပြောပါတယ်။

ပြောင်းရွှေ့နေရသူတွေဟာ မြေနိမ့်ပိုင်းတွေမှာနေထိုင်သူတွေဖြစ်ပြီး အများစုက တထပ်နေအိမ်တွေဖြစ်ကာ တအိမ်လုံးနီးပါး ရေနစ်မြုပ်သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၈ ရက် ဒီမနက်မှာတော့ ထုံးဘိုအုပ်စုထဲမှာ ဧရာဝတီမြစ်ရေဟာ တလက်မခန့် ကျဆင်းလာတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

ပန်‌တောင်းမြို့နယ်ထဲမှာ ဧရာဝတီမြစ်ရေဝင်ရောက်လို့ အထက်တန်းကျောင်း ၁ ကျောင်း၊ အထက်တန်းခွဲ ၃ ကျောင်း၊ အလယ်တန်းခွဲ ၂ ကျောင်း၊ မူလတန်းလွန်ကျောင်း ၂ ကျောင်း၊ မူလတန်း‌ကျောင်း ၁၀ ကျောင်းနဲ့ မူလတန်းခွဲကျောင်း ၁ အပါ စုစုပေါင်း ၁၉ ကျောင်းကို ဇူလိုင် ၁၆ ရက်ကစတင်ပြီး ယာယီပိတ်ထားရတယ်လို့လည်း စစ်ကောင်စီကထုတ်ပြန်တဲ့ သတင်းတွေအရ သိရပါတယ်။ 

ဓါတ်ပုံ - လူမှုကွန်ယက်မှ ကူးယူဖော်ပြသည်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပန်းတောင်း #ရေဘေးသင့် #ဒေသခံ #အကူညီလိုအပ် #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10