ပန်းတောင်းမှာ ကုန်ကားတစီးမှောက်လို့ ကျပ်သိန်းရာကျော်ပျက်စီးခဲ့

ပန်းတောင်းမှာ ကုန်ကားတစီးမှောက်လို့ ကျပ်သိန်းရာကျော်ပျက်စီးခဲ့

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ထဲမှာ ကုန်ကားတစီးတိမ်းမှောက်ပြီး ကျပ်သိန်းတရာကျော်ဖိုး ပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ပန်းတောင်းမြို့နယ်၊ ပြည် - တောင်ကုတ်ကားလမ်း၊ ငါးဆယ်ပေးအုပ်စု ဘုရားပေါ်ကျေးရွာအနီးမှာ တောင်ကုတ်မြို့ဘက်ကနေ ပြည်မြို့ဘက်ကိုလာတဲ့ ၁၂ ဘီး HINO ကားတစီးဟာ ဖေဖေါ်ဝါရီ ၂ ရက် ညနေ ၅ နာရီဝန်းကျင်မှာ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

 “ဒီလမ်းက မကြာခဏဖြစ်တတ်တယ်။ အခုလည်း ကားက ကုန်းအတက်မှာ အရှိန်များ လမ်းဘေးကျပြီး ပက်လက်လန်သွားတာ။ ကားကတော့ အင်ဂျင်ရော ကိုယ်ထည်ရော ရစရာမရှိဘူး။ ဆုံးရှုံးမှု သိန်းတရာကျော်မယ်လို့ နားလည်သူတွေက ခန့်မှန်းကြတယ်။ အခြားကားဆရာတွေလည်း သတိပြုစေချင်တယ်“လို့ ငါးဆယ်ပေးအုပ်စုထဲက အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ယာဉ်တိမ်းမှောက်လို့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ပါ ထိခိုက်မှုအနည်းငယ်ရခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ပဲခူးတိုင်း၊ ကညွှတ်ကွင်းမြို့နေ အသက် ၃၀ ၀န်းကျင် ကိုနိုင်မင်းအေးကိုတော့ ပန်းတောင်းမြို့မရဲစခန်းက အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ 

ဒီဇင်ဘာ ၁၉ ရက်ကလည်း ပန်းတောင်းမြို့နယ်၊ ကျောက်ဖူးအုပ်စု၊ ပုသိမ် - မုံရွာကားလမ်းမှာ ပန်းတောင်းမြို့နယ်ဘက်ကနေ ပုသိမ်မြို့ဘက်ကို မောင်းလာတဲ့ ခရီးသည်တင်ယာဉ်ငယ်တစီး အရှိန်လွန်ကာ လမ်းဘေးရပ်ထားတဲ့ လှည်းကိုဝင်တိုက်လို့ ယာဉ်ပေါ်ပါ အသက် ၅၀ ကျော်အမျိုးသားတဦး သေဆုံးခဲ့ပါသေးတယ်။

ပုံစာ - တိမ်းမှောက်ခဲ့သည့် ၁၂ ဘီးယာဉ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပန်းတောင်း #၁၂ဘီးကား #တိမ်းမှောက် #ဒဏ်ရာရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10