ပန်းတောင်းမှာ ဆိုင်ကယ်စီးလာတဲ့အမျိုးသား လမ်းညွှန်ဆိုင်းဘုတ်ကို ဝင်တိုက်ပြီး သေဆုံး

ပန်းတောင်းမှာ ဆိုင်ကယ်စီးလာတဲ့အမျိုးသား လမ်းညွှန်ဆိုင်းဘုတ်ကို ဝင်တိုက်ပြီး သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ ဆိုင်ကယ်‌မောင်းနှင်လာတဲ့ အမျိုးသားတဦး လမ်းညွှန်ဆိုင်းဘုတ်ကို တိုက်မိပြီး ဆိုင်ကယ်တိမ်းမှောက်သေဆုံးသွားတယ်လို့  မြို့ခံတွေထံက သိရပါတယ်။

မတ် ၂ ရက် မနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှာ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ကနေ မုံရွာဘက်ကို ဆိုင်ကယ် ၁ ဦးတည်း မောင်းနှင်လာချိန် ဥသျှစ်ပင်လမ်းဆုံအနီးက လမ်းညွှန်ဆိုင်းဘုတ်ကို ဝင်တိုက်မိတာလို့ ပြောပါတယ်။

”အရက်လည်း မသောက်ဘူးဗျ။ ဆိုင်ကယ်စီးဦးထုပ်လည်း ဆောင်းထားသေးတယ်။ အရှိန်လွန်ပြီးဖြစ်သွားတာနေမယ်၊ နေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားတာ“ လို့  ဒေသခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူဟာ ပန်းတောင်းမြို့နယ်၊ တောင်ဘို့ကြီးအုပ်စု၊ မှန်ကုန်းရွာနေ အသက် ၄၀ နှစ်အရွယ် ကိုမြင့်စိုးဖြစ်ပြီး ဆိုင်ကယ်နဲ့ဆိုင်းဘုတ်ကိုတိုက်မိတာကြောင့် ဝဲ၊ယာ ခြေထောက်ကျိုး၊ ဆီးအုံတဝိုက် ပြင်းထန်ဒဏ်ရာတွေရရှိကာ သေဆုံးခဲ့တာလို့ သိရပါတယ်။ 

ဒါ့အပြင် မောင်းနှင်လာတဲ့ ဟွန်ဒါဆိုင်ကယ်မှာလည်း ရှေ့မီးအုံ၊ နောက်ကြည့်မှန်နဲ့ ဝဲယာကာဘာတွေ ပျက်စီးသွားခဲ့ကာ ကိုမြင့်စိုးရဲ့ရုပ်အလောင်းကို ဥသျှစ်ပင်ဆေးရုံ၊ ရင်ခွဲရုံကို ပို့ဆောင်ထားပြီး အဆိုပါဖြစ်စဉ်ကို ရဲက အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၃ ရက် ညသန်းခေါင်အချိန်ကလည်း ပန်းတောင်းမြို့နယ် ပုသိမ် - မုံရွာ ကားလမ်းပေါ်မှာ ခွေးကိုရှောင်ရာက ဆိုင်ကယ်မှောက်ပြီး  ဥသျှစ်ပင်မြို့မှာနေတဲ့ အသက် ၂၈ နှစ် အရွယ် ကိုသက်ကိုကိုလွင် သေဆုံးကာ အဖော်ဖြစ်သူတဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပန်းတောင်း #ဥသျှစ်ပင် #ဆိုင်ကယ် #မတော်တဆမှု #လူသေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10