ပန်းတောင်းမှာ ဘုရားဖူးကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ၁ ဦးသေဆုံး

ပန်းတောင်းမှာ ဘုရားဖူးကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ၁ ဦးသေဆုံး

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မှာ မတ်လ ၅ ရက် မနေ့ညနေပိုင်းက ဆိုင်ကယ်နဲ့ကားတိုက်မိလို့ ဆိုင်ကယ်စီးနင်းသူ အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။

ပန်းတောင်းမြို့နယ်၊ ကျွဲရဲကျေးရွာအဝင်လမ်းအနီး ပုသိမ်-မုံရွာကားလမ်းပေါ်မှာ ဘုရားဖူး Express ယာဉ်နဲ့ ဆိုင်ကယ်တို့ တိုက်မိခဲ့တာကြောင့် ဆိုင်ကယ်စီးနင်းသူ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

"ကားက ရွှေစက်တော်ကနေ ဘုရားဖူးပြန်လာတဲ့ ဧရာသစ္စာ အိတ်စပတ်ကား လို့သိရတယ်။ ဆိုင်ကယ်က ၂ ယောက် စီးတာ။ တိုက်တဲ့ပုံစံကတော့ ဘယ်လိုမျိုးလဲမသိဘူး။ ပုသိမ်-မုံရွာလမ်းက ကား၊ဆိုင်ကယ် ရှင်းတာများပါတယ်။ ၁ ယောက် သေသွားတယ်။ မောင်းတဲ့သူလား၊ နောက်ကလိုက်သူလားတော့ မသိဘူး။ နောက်တယောက်ကလည်း သိပ်အခြေနေမကောင်းဘူး" လို့ ပြောပါတယ်။

ယာဉ်တိုက်မှု ဖြစ်ပွားပြီးတဲ့နောက် ဆိုင်ကယ်စီးနင်းသူတွေကို ဥသျှစ်ပင်ဆေးရုံကနေ ပြည်ဆေးရုံကို အရေးပေါ်ကားနဲ့ ပို့ဆောင်စဉ် ဆေးရုံရောက်ပြီး မကြာခင်မှာပဲ ၁ ဦး သေဆုံးသွားတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၄ ရက်ကလည်း ပန်းတောင်းမြို့နယ် ပြည် - တောင်ကုတ်ကားလမ်း နတ်မောက်လမ်းစုံ ရွှေတောင်ကုန်းရွာထိပ်အနီးမှာ Light Truck ကားတစီး အရှိန်လွန်ကာ လမ်းဘေးသစ်ပင် ဝင်တိုက်ခဲ့တာကြောင့် အသက် ၆၀ အရွယ်ဝန်းကျင်ရှိ ယာဥ်မောင်းအမျိုးသား သေဆုံးခဲ့ပါသေးတယ်။

စာတည်း- ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10