ပန်းတောင်းမှာ မိုးစပါးစတင်စိုက်ပျိုးကာလ မိုးမရွာလို့ တောင်သူတွေ အခက်တွေ့နေ

ပန်းတောင်းမှာ မိုးစပါးစတင်စိုက်ပျိုးကာလ မိုးမရွာလို့ တောင်သူတွေ အခက်တွေ့နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း အခုနှစ်မိုးစပါးစိုက်ရာသီမှာ မိုးမရွာလို့ စပါးစိုက်တောင်သူတွေ အခက်တွေ့နေရတယ်လို့ ဒေသခံလယ်သမားတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဝက်လောက်ကတည်းကစကာ မိုးမရွာတာဖြစ်ပြီး စိုက်ပျိုးပြီးလယ်တွေ ရေမရှိသလို စိုက်ပျိုးဖို့ ထွန်ယက်ဆဲလယ်တွေလည်း ရေလိုအပ်နေတယ်လို့ ပြောပါတယ်။

” မိုးမရွာတာ ရက် ၂၀ ကျော်နေပြီ။ တမြို့နယ်လုံးကို မရွာတာ။ ကျနော်တို့ စပါးခင်းကြဲခင်းတွေဆိုတော့ စပါးပင်သက်ကလည်း  သုံးပတ်ကျော်နေပြီ။ စိုက်ခင်းထဲမှာ ‌ရေမရှိလို့ မြေဆီပက် (ဓါတ်မြေဩဇာထည့်သွင်းခြင်း)လို့ မရဘူး” လို့  အသက် ၅၀ ဝန်းကျင်ရှိ ထုံးဘိုနယ်မြေဒေသခံလယ်သမားတဦးက ပြောပါတယ်။

စပါးစိုက်တောင်သူတွေဟာ စပါးစိုက်ပျိုးရာမှာ လယ်မြေကိုအခြောက်ထွန်ယက်ပြီး တိုက်ရိုက်စပါးမျိုးစေ့ချ(ကြဲခင်း)စိုက်ပျိုးသူတွေရှိသလို စပါးကိုပျိုးထောင်ကာ သမန်းထွက်ယက်ပြီး စိုက်ပျိုးသူတွေလည်းရှိနေကာ စပါးခင်းထဲမှာ ရေမရှိဘဲ ဓါတ်မြေဩဇာကြွေးပါက လေလွင့်ဆုံးရှုံးမှုများသလို စပါးပင်သေဆုံး ထိခိုက်တာတွေလည်းရှိနိုင်တယ်လို့  သူကဆက်ပြောပါတယ်။

စပါးကိုတိုက်ရိုက်မျိုးစေ့ချမစိုက်ဘဲ ပျိုးထောင်စိုက်ပျိုးတဲ့ ပန်းတောင်းနယ်ခံ နောက်ထပ်လယ်သမားတဦးကလည်း စပါးပျိုးပင်သက်မှာ တလနီးပါရှိနေပေမယ့် ထွန်ယက်ဖို့ရေမရှိတဲ့အတွက် သတ်မှတ်လျာထားတဲ့ ကောက်စိုက်ရက်ကို ရွှေ့ထားရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပျိုးထောင်စိုက်တဲ့ စပါးခင်းတွေဟာလည်း  စပါးပင်အသက် ၂၅ ရက်နဲ့ ၃၀ ကြားမှာ ရွှေ့ပြောင်းစိုက်ပျိုးနိုင်မှသာ ပင်ပွားကောင်းမှာဖြစ်တယ်လို့  ပြောပါတယ်။

“ ဝါဆိုလဆန်းပထမပတ်(ဇူလိုင် ၁၀ ရက်ဝန်းကျင်)ထဲမှာ ကောက်စိုက်ဖို့  ကောက်စိုက်သမတွေကို ချိန်းထားတာ။ မိုးကိုမျှော်ပြီး ရေစပ်စပ်နဲ့ ထွန်ထားတဲ့ လယ်တွေလည်း ရေမရှိလို့  သမန်းတွေ‌‌ခြောက်ကုန်လို့ ရက်ရွှေ့လိုက်ရတာ။ လုံးဝမရွာတာတော့ မဟုတ်ဘူး၊ ရွာပေမယ့် မိုးကဖွဲဖွဲလေးပါ“လို့  ပြောပါတယ်။

 

အခုရက်အတွင်း လုံလောက်တဲ့ မိုးမရွာပါက ထွန်ယက်ပြီးလယ်မြေတွေ မာကျောကုန်မှာဖြစ်လို့ ပြန်လည်ထွန်ယက်ရမှာဖြစ်ကာ လယ်ထွန်စက်နဲ့ ထွန်ယက်ခ တဧကကို အနည်ဆုံး ကျပ်ရှစ်သောင်းကျော် ထပ်မံကုန်ကျနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

စိုက်ပျိုးရေးအတွေ့အကြုံရှိသူ ပြည်မြို့ခံလယ်သမားတဦးကလည်း တိုက်ရိုက်မျိုးစေ့ကြဲကာ စိုက်ပျိုးထားတဲ့ စပါးခင်းတွေထဲမှာ ရေမရှိပါက ပေါင်းမြက်တွေပေါက်လာနိုင်ပြီး မြက်သတ်ဆေးပက်ဖြန်းမယ်ဆိုရင်လည်း မြက်သေဖို့ခဲယဉ်းသလို စပါးကြီးထွားနှုန်းကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

ပန်းတောင်းမြို့နယ်ဟာ စပါးစိုက်ဧကလေးသောင်းခွဲဝန်းကျင်ကျော်ရှိပြီး  နှစ်စဉ်တဧက စပါးအထွက်နှုန်းဟာ တင်း ၅၀ မှ တင်း ၆၀ ဝန်းကျင်သာရှိတယ်လို့ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနက ထုတ်ပြန်တဲ့ သတင်းတွေအရ သိရပါတယ်။

ပုံစာ - မိုးစပါးစိုက်ပျိုးရန်ထွန်ယက်ထားသည့် ပန်းတောင်းနယ်အတွင်းမှ စပါးစိုက်ခင်းများ။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#ပဲခူးတိုင်း #ပန်းတောင်း #မိုးစပါး #မိုးနည်း #စိုက်ပျိုးရေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10