ပန်းတောင်းမှာ အမေနဲ့သားကို ပေးစားဆဲဆိုတဲ့ ဖခင်ကို သားကဓားနဲ့ထိုးလို့ သေဆုံး

ပန်းတောင်းမှာ အမေနဲ့သားကို ပေးစားဆဲဆိုတဲ့ ဖခင်ကို သားကဓားနဲ့ထိုးလို့ သေဆုံး

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မှာ ဇနီးနဲ့သားကို ပေးစားကာ ဆဲဆိုတဲ့ ဖခင်ကိုသားဖြစ်သူက ဓားနဲ့ထိုးလို့ ဖခင်ဖြစ်သူသေဆုံးတဲ့ လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။

ပန်းတောင်းမြို့၊ ကြခတ်ရပ်ကွက်၊ ဒေါင်းမြတ်နားလမ်း နေအိမ်မှာ ဇွန်လ ၂၄ ရက် ည ၉ နာရီခွဲလောက်က အသက် ၅၃ နှစ်အရွယ် ဦးဇော်မြင့်ကို သားဖြစ်သူ အသက် ၁၉ နှစ်အရွယ် ကိုနောင်နောင်က အရိုးနဲ့အသွား ၁ ပေလောက်ရှိတဲ့ ဓားမြှောင်နဲ့ ထိုးခဲ့တာလို့ ဆိုပါတယ်။  

"သူ့ (ကိုဇော်မြင့်) မိန်းမနဲ့ သားအငယ်က ထိုင်းမှာအလုပ်လုပ်နေတဲ့ သားအကြီးဆီဖုန်းဆက်နေတာကို ကိုဇော်မြင့်က နင့်လင်တွေဆီ ဖုန်းဆက်နေတာလားပြောလို့ သားအငယ်နောင်နောင်က စိတ်ဆိုးပြီး ဖခင်ရဲ့လည်ပင်းကို ဓားနဲ့တချက်ထိုးလိုက်တာမှာ ပွဲချင်းပြီး သေသွားတာ" လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

ကိုဇော်မြင့်က နေအိမ်အောက်ထပ်ကနေ သားအမိချင်းပေးစားတာကို မိခင်အနီးမှာရှိနေတဲ့ သားငယ်ဖြစ်သူ ကိုနောင်နောင်က ဖခင်ကိုသွားတားရာမှာ ဖခင်ဖြစ်သူက ကိုနောင်နောင်ကိုပါထပ်ဆဲလို့ စိတ်ဆိုးပြီး ဓားနဲ့ထိုးခဲ့တာလို့သူက ဆက်ပြောပါတယ်။

ကိုဇော်မြင့်ဟာ အဲဒီနေ့ညက အရက်မူးပြန်လာတာဖြစ်ပြီး ဇနီးဖြစ်သူကို ထိုးကြိတ်ခဲ့သေးတယ်လို့ ဆိုပေမယ့်သားဖြစ်သူ ကိုနောင်နောင် အဲဒီညကအရက်သေစာသောက်စားထားခြင်းရှိမရှိကိုတော့ မြေလတ်အသံက မသိရှိရပါဘူး။

အမှုနဲ့ပတ်သက်ပြီး ကိုနောင်နောင်ကို ပန်းတောင်းမြို့မရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂ နဲ့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၂ ရက်နေ့ကတော့ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်နယ်မြေ၊ ရတနာပုံရပ်ကွက်၊ ဒေါန ၆ လမ်းမှာလည်း သားအဖ ၂ ဦးစကားများရာက ဖခင်ဖြစ်သူကသားဖြစ်သူကို အရိုးအသွား ၁၀ လက်မခန့်ရှိတဲ့ ဓားဦးချွန်နဲ့ထိုးလို့ သားဖြစ်သူ ဒဏ်ရာရရှိခဲ့ပါသေးတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

မြေလတ်အသံ

#ပဲခူးတိုင်း #ပြည် #ပန်းတောင်း #ဒေါင်းမြတ်နား #လူသတ်မှု #အမှုအခင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10