ပန်းတောင်းမှာ အမျိုးသားတဦး ကြိုးဆွဲချသေဆုံး

ပန်းတောင်းမှာ အမျိုးသားတဦး ကြိုးဆွဲချသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်မှာ ဇွန်လ ၂၉ ရက်မနေ့ညနေက အမျိုးသားတဦး ကြိုးဆွဲချ သေဆုံးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ပန်းတောင်းမြို့နယ်၊ ကျွန်းမီးအုပ်စု၊ မြစိမ်းရွာက အသက် ၆၄ နှစ်အရွယ် ဦးကြည်ဝင်းဖြစ်ပြီး မနေ့ညနေ ၅ နာရီခွဲလောက်မှာ သူရဲ့နေအိမ် မီးဖိုဆောင်ထုတ်တန်းကို ကြိုးချည်ကာ ကြိုးဆွဲချခဲ့တာလို့ သိရပါတယ်။

"အိမ်ပေါ်မှာ လင်မယားတွေစကားပြောနေတုန်း ဧည့်သည်လာလို့ သူ့အမျိုးသမီးက ဧည့်သည်ကိုဆင်းတွေ့ချိန်မှာ ဦးကြည်ဝင်းက ကြိုးဆွဲချလိုက်တာ"လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ဇနီးကို ဧည်သည့်ဆင်းတွေ့ဖို့ပြောဆိုသူဟာ ဦးကြည်ဝင်းဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့မေလကလည်း ကြိုးဆွဲချဖို့ ကြံစည်ဖူးခဲ့တယ်လို့ သိရပါတယ်။ 

ဦးကြည်ဝင်းဟာ ဆီးချိုနဲ့သွေးတိုးရောဂါ ခံစားနေရပြီး စိတ်ဓါတ်ကျဆင်းနေသူဖြစ်တယ်လို့လည်း ဆိုပါတယ်။

အလောင်းကိုတော့ မနေ့ညနေမှာပဲ ပန်းတောင်းမြို့နယ် ပရဟိတအသင်းယာဥ်နဲ့ ပန်းတောင်း ပြည်သူ့ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ပေးပြီး ဇွန်လ ၃၀ ရက် ဒီနေ့မနက်မှာတော့ ပန်းတောင်းမြို့ အမှတ် ၁ သုဿန်ကို ပို့ဆောင်သင်္ဂြိုလ်ခဲ့တယ်လို့ ပရဟိတအသင်းဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်ညကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်က လုံခြုံရေးညစောင့် အမျိုးသားလူငယ်တဦး ဘဏ်အနောက်ဘက် လုံခြုံရေးအဆောင်မှာ ကြိုးဆွဲချ သေဆုံးခဲ့ပါသေးတယ်။

ဓါတ်ပုံ - ငြိမ်းချမ်းရှင်နာရေးကူညီမှုအသင်း
စာတည်း - လင်း 

#မြေလတ်အသံ
#ပဲခူး #ပန်းတောင်း #အမျိုးသား #ကြိုးဆွဲချ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10