ပလက်ဝမှာ စကခ ၁၉ စကခမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ ကို AA တပ်က ဖမ်းမိထား

ပလက်ဝမှာ စကခ ၁၉ စကခမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ ကို AA တပ်က ဖမ်းမိထား

 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ တိုက်ခိုက်ရေးဝင်ရောက်နေတဲ့ အမှတ် ၁၉ စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ်ရဲ့ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေကို  ရက္ခိုင့်တပ်တော်-AA က ဖမ်းဆီးရမိထားတယ်လို့ မြေပြင်နဲ့ စစ်ဘက်သတင်းတွေအရ ကနဦး သိရပါတယ်။

စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ ကို ပလက်ဝမြို့အနောက်ဘက် ရေတံခွန်တောင်ကုန်းအနီးမှာ ဇန်နဝါရီ ၁၂ ရက် ဒီကနေ့ မနက်ပိုင်းမှာ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

“ ရေတံခွန်တောင်ကုန်းအနီးမှာ အရှင်မိတာ “ လို့ AAတပ်ဖွဲ့ဝင် မြေပြင်သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ ဟာ အလုပ်သင်ဗိုလ်အပတ်စဉ် ၂၃ ဆင်းဖြစ်ပြီး ပလက်ဝမြို့နယ်အတွင်းက ဗျူဟာကုန်းတွေကို AA တပ်တွေရဲ့ တိုက်ခိုက်သိမ်းပိုက်ခံရမှုကြောင့် ပလက်ဝမြို့ပေါ်ကို ဆုတ်ခွာနေစဉ် ဖမ်းဆီးခံရတာလို့ တပ်သတင်းရင်းမြစ်တွေကလည်း ပြောပါတယ်။

တပ်မမှူးဖမ်းဆီးရမိတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် - AA ရဲ့ ပြောခွင့်ရသူ ခိုင်သုခ ကို မြေလတ်အသံကို ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေဆိုတာမျိုး မရှိသေးပါဘူး။

ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ ဟာ စကခ ၁၉ စကခမှူးမဖြစ်မီက လက်ရှိမြောက်ပိုင်း ၃ ဖွဲ့ သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်အခြေချစစ်ဗျူဟာရဲ့ ဗျူဟာမှူး ဖြစ်ပြီး ၂၀၂၂ အတွင်းက စကခ ၁၉ ကို ပြောင်းရွှေ့ရောက်ရှိလာတာလို့ တပ်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

စကခ ၁၉ နဲ့လက်အောက်ခံတပ်တွေဟာ မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက်တပ်တွေဖြစ်ပြီး ပလက်ဝမြို့နယ်အတွင်း တိုက်ခိုက်ရေးဝင်ရောက်နေရတာ ၃ နှစ်ခန့်ရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာဒုတိယပတ်အတွင်းမှာလည်း တအာင်းဒေသ နမ့်ဆန်မြို့မှာ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် ဗိုလ်မှူးချုပ် မင်းမင်းထွန်းကို TNLA တပ်ဖွဲ့တွေက အရှင်ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ပုံစာ - စကခ ၁၉ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ အား ဗိုလ်မှူးချုပ်အပွင့်မတင်မီ ဗိုလ်မှူးကြီး/ဗိုလ်မှူးချုပ် အဆင့်ဖြင့်တွေ့ရစဉ်။

#မြေလတ်အသံ

#ပလက်ဝ #စကခမှူး #ဗိုလ်မှူးချုပ် #ဇင်မျိုးဆွေ #ဖမ်းဆီးခံရ #AA #စကခ၁၉ #သတင်း #ရခိုင့်တပ်တော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10