ပိတ်ဆို့ဖြတ်တောက်ခံထားရတဲ့ ကူတော်ရွာရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းစွန့်သွား    ■ နယ်မြေရှင်းတဲ့ ကာကွယ်ရေးအဖွဲ့တွေ စခန်းအတွင်း ဆန်အိတ် ၂ အိတ်သာတွေ့ရှိဟုဆို

ပိတ်ဆို့ဖြတ်တောက်ခံထားရတဲ့ ကူတော်ရွာရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းစွန့်သွား ■ နယ်မြေရှင်းတဲ့ ကာကွယ်ရေးအဖွဲ့တွေ စခန်းအတွင်း ဆန်အိတ် ၂ အိတ်သာတွေ့ရှိဟုဆို

 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နဲ့ ၁၂ မိုင်ခန့်အကွာမှာရှိပြီး ခံစစ်အခိုင်အမာပြင်ဆင်ထားတဲ့ ကူတော်ရွာရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီဇင်ဘာ ၃၁ ရက်မှာ စခန်းစွန့်ခွာသွားတယ်လို့ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ကူတော်ကျေးရွာရဲစခန်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်ဟာ မုံရွာ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ ရောက်ရှိလာတဲ့စစ်ကြောင်းနဲ့အတူ ပြန်လိုက်သွားပြီး စခန်းစွန့်ခွာသွားတာလို့ ဆိုပါတယ်။

" စစ်ကောင်စီရဲ့ စစ်ရေးအရရှုံးနိမ့်မှုတွေ ရှိလာတယ်။ နယ်မြေဆုံးရှုံးတာတွေ အင်အားချိနဲ့လာတာကြောင့် စခန်းစွန့်သွားတာ။" လို့ ဘုတလင်၊ စီပါရွာပကဖတာဝန်ခံ ကိုမိုးသောက်က ပြောပါတယ်။

မုံရွာခရိုင်အမှတ် ၂၀ တပ်ရင်း တာဝန်ရှိသူတဦးက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ကူတော်ရွာရဲစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့ဖြတ်တောက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က အခုလို စခန်းစွန့်ခွာသွားတာလို့ ဆိုပါတယ်။

" ကျနော်တို့ အလုံးစုံ စခန်းသိမ်းဖို့ ရည်ရွယ်ပြီးတော့ ၃ ကြိမ် လုပ်ခဲ့ဖူးတယ်။ သူတို့ကို ဖြတ်တောက်ထားတာကတော့ ကြာလှပြီ။ သူတို့ထဲက ကျွံလာတဲ့သူတွေကို ကောက်စားတာမျိုး၊ ပြောက်ကျားတိုက်ခိုက်မှုမျိုးကတော့ အမြဲတမ်းရှိတယ်။ ရန်သူက မီတာ ၃၀၀ လောက်ကျော်လိုက်တာနဲ့ ကျနော်တို့ ပိုင်နက်ထဲရောက်ပြီ အဲ့ဒါမျိုး နေခဲ့တာ။" လို့ ကူတော်ရဲစခန်းကို ရိက္ခာပို့ဆောင်မရအောင် ပိတ်ဆို့ဖြတ်တောက်ထားခဲ့တဲ့အခြေအနေကို မုံရွာခရိုင်အမှတ် ၂၀ PDF တပ်ရင်းရဲ့ တာဝန်ရှိသူတဦးက ရှင်းပြပါတယ်။

စခန်းစွန့်ခွာသွားပြီးတဲ့နောက် ဇန်နဝါရီ ၁ ရက်မှာ မုံရွာခရိုင်အမှတ်၂၀ PDF တပ်ရင်းက ဦးဆောင်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့အချို့နဲ့အတူ ကူတော်ရဲစခန်းကို နယ်မြေဝင်ရောက်ရှင်းလင်းရာမှာ ရိက္ခာဆန်အိတ် ၂ အိတ်သာ ကျန်ရှိတော့တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

" သူတို့ ဆန်အိတ်ကလည်း ၂ အိတ်ပဲ ရှိတော့တယ်။ အကုန်ဖြတ်တောက်ထားတော့ သူတို့စိတ်ပိုင်းဆိုင်ရာ ထိနေတဲ့အချိန် ကျနော်တို့က ပိတ်ဆို့ထားတာမျိုးနဲ့ ဖိအားပေးတာကြောင့် ဖြစ်ပါတယ်။" လို့ မုံရွာခရိုင်အမှတ် ၂၀ PDF တပ်ရင်းရဲ့ တာဝန်ရှိသူက မှတ်ချက်ပေးပါတယ်။

စခန်းတွင်းဝင်ရောက်ရှင်းလင်းစဉ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဘက်က ထောင်ထားခဲ့တဲ့ စွန့်လွှတ်မိုင်း(နင်းမိုင်း၊ တိုက်မိုင်း)တွေကြောင့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်တဲ့  တပ်ဖွဲ့ဝင်ရဲဘော်အချို့ သာမန်ဒဏ်ရာရထိခိုက်မှု ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ကူတော်ရွာရဲစခန်းဟာ ဘန်ကာတွေနဲ့ အရံအတားတွေ အခိုင်အမာဆောက်လုပ်ထားတာဖြစ်ပြီး စခန်းကို သိမ်းယူဖို့ ကြိုးစားခဲ့တဲ့တိုက်ခိုက်မှုတွေမှာ မုံရွာခရိုင်အမှတ် ၂၀ တပ်ရင်းက ကျဆုံးရဲဘော် ၃ ဦး၊ ကိုယ်လက်အင်္ဂါဆုံးရှုံးသူ တပ်ဖွဲ့ဝင် ၃ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း - စောကျော်ငြိမ်း၊ ငြိမ်းချမ်းမေ ၊ စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ဘုတလင် #ကူတော်ရွာ #ရဲစခန်း #စခန်းစွန့်ခွာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10