သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်တွေ နှစ်စဉ်လာရောက်လည်ပတ်လျက်ရှိတဲ့ ရှေးဟောင်းမြို့တော်ပုဂံရှိ ဟိုတယ်တလုံးတွင် ဧည့်သည်တွေကို ဟိုတယ်အခန်းထဲအထိဝင်ရောက်ရိုက်နှက်ခဲ့မှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဟိုတယ်မန်နေဂျာအပါအဝင် စုစုပေါင်း ၆ ဦးကို ညောင်ဦးရဲစခန်းက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ရှိ Cheri Land River House ဟိုတယ်တွင် နိုဝင်ဘာ ၃ ရက်က ဧည့်သည် ၅ ဦးကို လူတစုက ဟိုတယ်အခန်းထဲထိ ဝင်ရောက်ရိုက်နှက်မှုဖြစ်ပွားခဲ့ရာ ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။
ပုဂံရှိ Cheri Land River House ဟိုတယ်ကို နိုဝင်ဘာ ၁ ရက်က ရန်ကုန်၊ အင်းစိန်ရွာမက လူငယ် ၇ ဦးဟာ ဘုရားဖူးအလည် ခရီးအနေနဲ့ လာရောက်တည်းခိုးခဲ့ကြတာပါ။
အဆိုပါ လူငယ် ၇ ဦးထဲက ၅ ဦးကို ဟိုတယ်ဝန်ထမ်းယူနီဖောင်ဝတ်ထားသူအချို့နဲ့ ကျန်တဲ့လူ စုစုပေါင်း ၁၀ ဦးခန့်က ဟိုတယ်အခန်းအတွင်း ဝင်ရောက်ရိုက်နှက်ခဲ့လို ၁ ဦးဟာ ဦးခေါင်ကြွေမွဒဏ်ရာနဲ့ မန္တလေးဆေးရုံမှာ အသက်ဆုံးရှုံးခဲ့ရကာ ကျန် ၄ ဦးလည်း ထိခိုက်ဒါဏ်ရာ ရရှိခဲ့ရတာလို့ သိရပါတယ်။
"ဘယ်လိုဖြစ်လဲဆိုတော့ သူတို့သူငယ်ချင်း ၇ ယောက်ပုဂံကိုခရီးထွက်တယ်။ သောကြာနေ့ညရောက်တော့ သူတို့အိပ်လိုက်တယ်၊ စနေနေနိုးလာတယ်၊ လျှောက်လည်ကြတယ်။ အဲ့လိုသူတို့တွေလျှောက်သွားတယ် လျှောက်လည်တယ်။ တနင်္ဂနွေနေ့ ည ၇ နာရီလောက်မှာပဲ မြစ်ဘေးနားက ကန်ဘောင်မှာသောက်ရင်းစားရင်း Bluetooth Speaker နဲ့သီချင်းဖွင့်တယ်။ အဲဒါကို အသံတိုးပေးဖို့ ဟိုတယ်ဝန်ထမ်း ၁ ဦးလာပြောတယ်။ သောက်ရင်းစားရင်းဆိုတော့ နည်းနည်းတော့ စကားအချေအတင်ဖြစ်ပုံပဲ။ ဒါပေမဲ့ ပြဿနာတက်တဲ့ အဆင့်ရောက်မသွားဘူး။ ကျနော့်ကောင်တွေက Bluetooth ပိတ်လိုက်ကြတယ်။ ၅ ဦးဟိုတယ်ကို ပြန်တယ်။ ကျန် ၂ ယောက် သူတို့ကောင်မလေးတွေနဲ့ စကားပြောနေတော့ ကျန်ခဲ့တယ်။ အဲ့မှာ ဟော်တယ်အခန်းနား အရောက် စရိုက်တာပဲ" လို အရိုက်ခံရတဲ့လူငယ်တွေရဲ့ သူငယ်ချင်းတဦးက ပြောပါတယ်။
သေဆုံးသွားသူက နောက်ဆုံးဝင်တာဖြစ်ပြီး “သူဝင်တဲ့အချိန်မှာ နောက်ကနေရိုက်လိုက်တာမှာ နောက်စေ့က ချက်ချင်းကြေသွားတယ်။ သူ့ကိုရိုက်လိုက်တော့ လဲကျသွားတယ်။ အဲမှာကျန်တဲ့သူတွေကို လူ ၁၀ ယောက်က ဝင်ရိုက်ခဲ့တာ။ ခု ၁၅ ချက်ချုပ်ထားရတဲ့သူငယ်ချင်း ဇော်မင်းထွဋ်က ပြန်ပြောတာက ဟိုတယ်ဝန်ထမ်းက နည်းနည်းပဲပါတယ်။ အရပ်ဝတ်နဲ့ကများတာ။” လို့ သေဆုံးသူရဲ့ သူငယ်ချင်းက ဆက်ပြောပါတယ်။
ဟိုတယ်အနီးမြစ်ဘေးမှာ သေဆုံးသွားခဲ့သူနဲ့အတူပါလာတဲ့ ၂ ယောက်က ဟိုတယ်အတွင်းပြန်ဝင်လာပြီး တံခါးဖွင့်ပေးဖို့ပြောရာမှာ မဖွင့်ပေးကြောင်း၊ ညောင်ဦးရဲစခန်းကိုအကြောင်းကြားပြီး ရဲတွေပါလာမှသာ တံခါးဖွင့်ပေးလို့ သေဆုံးသူအပါအဝင် အရိုက်အနှက်ခံရသူတွေကို ညောင်ဦးဆေးရုံပို့ခဲ့ရတာဖြစ်ကြောင်း သူကဆိုပါတယ်။
အဆိုပါဖြစ်စဥ်ကြောင့် ဒဏ်ရာပြင်းထန်နေတဲ့ မောင်ရဲထက်နိုင်နဲ့ မောင်ဇော်မင်းထွဋ်တို့ကို ညောင်ဦးဆေးရုံကနေ မန္တလေးဆေးရုံကြီးကို နိုဝင်ဘာ ၃ ရက်မှာ လွှဲပြောင်းဆေးကုသခဲ့ပေမဲ့ မောင်ရဲထက်နိုင် ၂၅ နှစ် ရန်ကုန်၊ အင်းစိန်ရွာမနေသူဟာ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီကျော်မှာ ရိုက်နှက်ခံရတဲ့ ဦးခေါင်းကြေမွဒဏ်ရာနဲ့ သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။
အရိုက်ခံရတာနဲ့ပတ်သက်လို့ ရိုက်နှက်သူတွေကို ညောင်ဦးရဲစခန်းမှာဖမ်းဆီးထားပြီး သေဆုံးသွားသူနဲ့ အရိုက်ခံရတဲ့သူတွေဘက်ကို လာတွေ့ဖို့ခေါ်ထားတယ်လို့လည်း သိရပါတယ်။
" ကျမမောင်လေးရဲ့ သူငယ်ချင်းတွေလည်း မီဒီယာအတော်များများကို ဖြေပေးထားပါတယ်။ ဖြစ်စဥ်က အဲအတိုင်းပါပဲ။ အခုလက်ရှိတေ့ာ ညောင်ဦးရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်နေပါတယ်" လို့ သေဆုံးသွားသူ မောင်ရဲထက်နိုင်ရဲ့ အမဖြစ်သူက ပြောပါတယ်။
ပုဂံဟိုတယ်မှာ ဝိုင်းဝန်းရိုက်နှက်မှုကိုတော့ ညောင်ဦးရဲစခန်းက ရိုက်နှက်သူ ၆ ဦးကို ဖမ်းဆီးထားပြီး သေဆုံးသူနဲ့ အရိုက်ခံရသူတွေရဲ့ ကာယကံရှင်တွေကို လာရောက်တွေ့ဆုံဖို့ခေါ်ထားတယ်လိုလည်း သိရပါတယ်။
" ဒီဘက်ကတော့ ရှေ့နေ၊ ရှေ့ရပ်တွေနဲ့ တိုင်ပင်နေတယ်။ လာတွေဖို့တော့ ညောင်ဦးရဲစခန်းက ခေါ်ထားတာသိရတယ်။" လို့ သေဆုံးသွားသူရဲ့ သူငယ်ချင်းတဦးကပြောပါတယ်။
သေဆုံးသွားတဲ့ မောင်ရဲထက်နိုင်ရဲ့ ရုပ်အလောင်းကိုတော့ ရန်ကုန် အင်းစိန်ရွာမ ကိုပြန်သယ်လာကာ နိုဝင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီမှာ ထိန်ပင်သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပုဂံ #ဟိုတယ် #ရိုက်နှက် #သေဆုံး #CheriLandRiverHouse
Share Share Share