ပုလဲက စစ်‌ရှောင်စခန်းတခုမှာ သောက်သုံးရေ ခက်ခဲနေဆဲ

ပုလဲက စစ်‌ရှောင်စခန်းတခုမှာ သောက်သုံးရေ ခက်ခဲနေဆဲ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က စစ်ရှောင်စခန်းတခုမှာ လက်ရှိအချိန်ထိ သောက်ရေ အခက်အခဲဖြစ်နေတယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေသူတဦးဆီက သိရပါတယ်။

“စစ်ရှောင်တွေက ချောင်းရေကို အမှီပြု သုံးကြတာ။ ချောင်းတလျှောက်မှာ ဆင်တွေက အသွားအလာ ရှိတော့ ဆင်ချေးတွေရယ်၊ သစ်ရွက်ဆွေးတွေကျပြီး ရေနည်းတဲ့ရာသီမှာ ညစ်နွမ်းသွားလို့ ချောင်းအနီးမှာ လက်ယက်တွင်းတူးပြီး ချွေတာသုံးနေရတာ။ အရင်က ‌ရေ ၂ ခွက် သုံးရင် အခု ၁ ခွက်ပဲသုံးရတယ်” လို့ ကူညီပေးနေသူတဦးက ပြောပါတယ်။

အဲ့ဒီဒေသတဝိုက်ဟာ မြေသားအောက်ခံမှာ ကျောက်တုံး‌ကျောက်ဖျာတွေရှိတဲ့အတွက် လိုအပ်တဲ့ ရေတွင်းအရေအတွက်ကို တူးလို့မရတာကြောင့် ပြီးခဲ့တဲ့နှစ်ကလည်း ချောင်းရေညစ်နွမ်းတဲ့အတွက် ရေကို ခြွေတာသုံးခဲ့ရတယ်လို့  ဆိုပါတယ်။

ပြီးခဲ့တဲ့မေလဆန်းပိုင်း မိုးရွာချိန်ကလည်း တောင်ကျရေနဲ့အတူ နုန်းမြေတွေ အမှိုက်တွေ ကျဆင်းလာပြီး ချောင်းရေတွေ ညစ်နွမ်းခဲ့တာကြောင့် လက်ယက်တွင်းရေကို ၆ နာရီခန့်အကြာ ရေကြည်တာကို စောင့်ပြီး သုံးခဲ့ရသေးတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိအချိန်အထိ စစ်ရှောင်တွေဟာ သောက်ရေနဲ့သုံးရေကို လက်ယက်တွင်းရေကိုပဲ သုံးနေရပြီး ဆိုးဝါးတဲ့ကျန်းမာရေးချို့ယွင်းမှုမျိုးတော့ မဖြစ်သေးဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ရှောင်စခန်းမှာ ၂၀၂၂ စက်တင်ဘာလတတည်းက နေရပ်စွန့်ခွာလာကြတဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန့်သတ်ရွာက အိမ်ထောင်စု ၅၈ စု၊ လူဦးရေ ၂၄၀ လောက် နေထိုင်နေကြတာပါ။ 

ကန့်သတ်ရွာဟာ ဂန့်ဂေါကာကွယ်‌ရေးပစ္စည်းစက်ရုံနယ်မြေမှာ တည်ရှိတဲ့အတွက် စစ်အာဏာသိမ်းအပြီးမှာ စစ်ကောင်စီတပ်သားတွေက ရွာသားတွေကို ပျူစောထီးအဖြစ် ဝင်ရောက်ခိုင်းတဲ့အတွက် မဝင်လိုတဲ့ဒေသခံတွေက ခုလိုတိမ်းရှောင်လာကြတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း အဲ့ဒီစစ်ရှောင်တွေဟာ သောက်သုံးရေးရှားပါးမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဇွန်လလယ်လောက်အရောက် မိုးသည်းထန်စွာရွာမှသာ သောက်သုံးရေကို လိုသလောက် သုံးခဲ့ရတယ်လို့  စစ်ရှောင်တွေဆီက သိရပါတယ်။

ကန့်သတ်ရွာဟာ အိမ်ခြေ ၂၇ဝ ရှိပြီး လူဦးရေ ၁၀၀၀ ဝန်းကျင်ရှိကာ အိမ်ထောင်စု ၉၀ ကျော်က ရွာကနေ တိမ်းရှောင်ကြပြီး ကျန်သူတွေကတော့ ပျူစောထီးအဖြစ်နဲ့ အဲဒီရွာမှာ ကျန်ခဲ့တယ်လို့  ဒေသခံတဦးဆီက သိရပါတယ်။

ပုံစာ - စစ်‌ရှောင်စခန်းနှင့် စစ်ရှောင်စခန်းရှိ လက်ယက်တွင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #စစ်ရှောင်စခန်း #သောက်သုံးရေရှားပါး #သဘာဝဘေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10