ပုလဲကိုစစ်ကူရောက်နေတဲ့ စစ်ကောင်စီ တပ်သား ၇ ဦး BNRA ဆီ လက်နက်နဲ့ အလင်းဝင်

ပုလဲကိုစစ်ကူရောက်နေတဲ့ စစ်ကောင်စီ တပ်သား ၇ ဦး BNRA ဆီ လက်နက်နဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲကိုစစ်ကူရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းထဲက တပ်သား ၇ ဦး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA အဖွဲ့ဆီကို အလင်းဝင်လာခဲ့တယ်လို့ အဲ့ဒီအဖွဲ့က ဒီဇင်ဘာ ၂၁ ရက်ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။  

ဒီဇင်ဘာ ၁၀ ရက်မှာ စစ်ကောင်စီတပ်သား ပြည့်ကြီး၊ ကျော်လင်းနိုင်၊ မိုးနိုင်၊ ရန်နိုင်၊ ဝေကြီးတို့ ၅ ဦးဟာ MA1 သေနတ် ၄ လက်၊ ကျည်ဘောက် ၈ ခု၊ MA3 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ၅.၅၆ ကျည် ၇၅၆ တောင့်တို့နဲ့အတူ အလင်းဝင်လာတာဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်မှာတော့ စစ်ကောင်စီ တပ်သားအောင်အောင်နဲ့လင်းထက်တို့ အလင်းဝင်လာခဲ့တာပါ။ 

အသက် ၁၈ နှစ်နဲ့  ၂၀ ကြားအရွယ်တွေဖြစ်တဲ့ အဆိုပါတပ်သား ၇ ဦးဟာ အဓမ္မစစ်သားစုဆောင်းခံရပြီးနောက် စစ်မှုထမ်းအမှတ်စဥ် ၄ တက်ရောက်ခဲ့သူတွေဖြစ်ကာ ပုလဲမြို့သိမ်းတိုက်ပွဲပြင်းထန်ချိန် နိုဝင်ဘာ ၁၄ ရက်ကတည်းက ဘုတလင်မြို့နယ်ကနေ ပုလဲမြို့နယ်ဘက်ကို စစ်ကူရောက်ရှိနေကြတာလို့ BNRA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ က ပြောပါတယ်။

"အဓိကတော့ နီးစပ်ရာနီးစပ်ရာပေါ့၊ နောက် ဒီတော်လှန်ရေးအင်အားစုတွေထဲမှာလည်း ဆွေမျိုးသားချင်းတွေရှိတယ်၊ အဓိကကတော့ အတင်းအဓမ္မစုဆောင်းခံရသူတွေအနေနဲ့ကတော့ ဆင့်ကဲဆင့်ကဲချိတ်ပြီး ခုလိုအလင်းဝင်ရောက်တာ၊ သူတို့ကိုတော့ အားလုံးလွတ်မြောက်မယ့်နေရာတွေ၊ သူတို့အတွက်အဆင်ပြေမယ့်နေရာတွေကို ပို့ဆောင်ပေးပြီးသွားပါပြီ။ "လို့ သူကပြောပါတယ်။ 

လက်နက်နဲ့အတူဝင်ရောက်လာသူ ၅ ဦးကို ၁ ဦးကို ငွေကျပ် သိန်း ၅၀ စီနဲ့ လက်နက်မပါသူ ၂ ဦးကိုတော့ ၁ ဦးကို ၅ သိန်းကျပ်စီ ချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ 

အထက်ပါ ၇ ဦးအပါအဝင် BNRA တပ်ဖွဲ့ဆီကို အလင်းဝင်လာသူစုစုပေါင်း ၁၀ ဦးရှိပြီလို့လည်း အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။ 

ပြီးခဲ့တဲ့ နို၀င်ဘာ ၁၁ ရက်မနက်ပိုင်းကစတင်ကာ BNRA နဲ့ စစ်ကောင်စီတို့ ၄ ရက်တာတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်သုံ့ပန်း ၂၅ ဦး ဖမ်းမိခဲ့တယ်လို့  နို၀င်ဘာ ၁၇ ရက်မှာ BNRA က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပုလဲ #အလင်းဝင် #စစ်ကောင်စီတပ်သား #BNRA 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10