ပုလဲကို စစ်ကောင်စီက လေယာဥ်နဲ့ဗုံးကြဲလို့ ဝန်ထမ်း ၂ ဦးအပါ အရပ်သားအချို့သေဆုံး (ရုပ်/သံ)

ဌာနဆိုင်ရာရုံးတွေဝင်တိုက်ခံရလို့ ပုလဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် Non CDM ဝန်ထမ်း ၂ ဦးအပါအဝင် ပြည်သူအချို့သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ လျှပ်စစ်ရုံးအပါအဝင် ဌာနဆိုင်ရာရုံးအချို့ကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRAနဲ့ ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၁ ရက် မနက် ၄ နာရီခန့်မှာ စတင်စီးနင်းတိုက်ခိုက်ခဲ့ကြတာလို့ ပုလဲမြို့နယ် ပအဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက် မနက် ၅ နာရီကျော်ကစတင်ပြီး ၁၀ နာရီကျော်အထိ ပုလဲ ထွေအုပ်ရုံး၊ လျှပ်စစ်ရုံးနဲ့ ပုလဲမြို့ပေါ်ရပ်ကွက်တွေကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး အလုံးရေ ၂၀ ကျော် ကြဲချခဲ့တာကြောင့် ပုလဲမြို့ လျှပ်စစ်မြို့နယ်မှူး ဦးကျော်ဆန်း သေဆုံးခဲ့ပြီး ထွေအုပ်ဝန်ထမ်း မမျိုးဦးနဲ့ သားဖြစ်သူတို့လည်း သေဆုံးခဲ့ရတယ်လို့ ကျားသစ်နက်တပ်မတော်ဆီက သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ၁၁ရက် နေ့လယ်ပိုင်းမှာလည်း ပုလဲမြို့ပေါ်ရပ်ကွက်အနီးကျေးရွာတွေကို လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ၇ဦး သေဆုံးခဲ့ရတယ်လို့ ပုလဲ ပအဖ တာဝန်ရှိသူကပြောပါတယ်။

နိုဝင်ဘာ၁၂ရက် ဒီနေ့မနက်ပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်ခဲ့ပြီး ပုလဲမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာ၁၂ရွာခန့်က ပြည်သူ ၁သောင်းကျော်စစ်ရှောင်နေရတယ်လို့လည်းဆိုပါတယ်။

နိုဝင်ဘာ ၁၁ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပုလဲမြို့တွင်းပိတ်မိနေတဲ့ ပြည်သူတွေထဲက ၁၀၀ ခန့်ကိုတော့ ကျားသစ်နက်တပ်မတော်က ကား ၅ စီးနဲ့ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် ဥက္ကဌ ဦးက္ကာက ပြောပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ပြည်သူတွေအတွက် စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ဆက်ပြောပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ပုလဲ #စစ်တပ် #လေကြောင်းတိုက်ခိုက် #အရပ်သား #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10