ပုလဲ-ဂန့်ဂေါကားလမ်းမှာ မြေပြိုမှုကြောင့် သွားလာရခက်ခဲနေလို့ တော်လှန်ရေးအဖွဲ့တွေက ဝိုင်းကူပေး

ပုလဲ-ဂန့်ဂေါကားလမ်းမှာ မြေပြိုမှုကြောင့် သွားလာရခက်ခဲနေလို့ တော်လှန်ရေးအဖွဲ့တွေက ဝိုင်းကူပေး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ ပုလဲ-ဂန့်ဂေါ ကားလမ်းပိုင်းမှာ မြေပြိုကျမှုတွေရှိနေလို့ ကားတွေသွားလာရခက်ခဲနေတာကို တော်လှန်ရေးအဖွဲ့တွေက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၄ ရက်နေ့ကစတင်ကာ မိုးဆက်တိုက်ရွာသွန်းခဲ့ပြီးတဲ့နောက် စက်တင်ဘာ ၈ ရက်မှာ ကားလမ်းပိုင်းမိုင်တိုင်အမှတ် ၅၁ အနီးက မြေသားနံရံတွေပြိုကျခဲ့တာကြောင့် ယာဉ်တွေသွားလာရခက်ခဲနေတာလို့ ဆိုပါတယ်။

"တောင်ပေါ်လမ်းဆိုတော့ မိုးများလို့ အနိမ့်ပိုင်းရေဝင်ပြီး တအိအိနဲ့ပြိုကျကုန်တာပါ။ မနေ့က သွားလို့မရတဲ့အထိ ဖြစ်သွားတယ်။ မြေကျွံပြီးနစ်နေတဲ့ ကားတွေလည်း ရှေ့ကဆွဲနောက်ကတွန်းနဲ့ ခက်ခက်ခဲခဲ ဝိုင်းလုပ်ကြရတယ် " လို့ ပုလဲမြို့နယ်ပအဖ တာဝန်ခံ ကိုဇော်ထက်က မြေလတ်အသံကို ပြောပါတယ်။

ကားလမ်းပိုင်းက မြေနိမ့်ကျသွားတဲ့နေရာတွေကို မြေသားမာအောင်ဖို့ပေးပြီး စက်ယန္တရားတွေနဲ့ ပြုပြင်နေသလို ကားအသေးနဲ့ ကုန်မပါတဲ့ကားကြီးတွေကို အလှည့်ကျဖြတ်သန်းသွားလာနိုင်ရေး လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

အဲ့ဒီလမ်းပိုင်းဟာ သြဂုတ် ၂၂ ရက်ကလည်း ပထမအကြိမ်လမ်းပျက်စီးခဲ့လို့  ခရီးသည်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေ အရေးပေါ်သွားလာနိုင်ဖို့ လမ်းလွှဲတွေဖောက်လုပ်ပေးထားရာက  မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒုတိယအကြိမ်ထပ်မံပျက်စီးသွားခဲ့တာလို့ သိရပါတယ်။

ပုလဲတိုက်နယ် ပအဖ၊ ပကဖ တို့ပူးပေါင်းပြီး ပျက်စီးနေတဲ့ကားလမ်းကိုအရေးပေါ်သွားလာဖို့ ပြုပြင်ရာမှာ ရန်ပုံငွေအခက်အခဲနဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီလိုအပ်မှုတွေကြောင့် ရေရှည်သွားလာနိုင်တဲ့ လမ်းပိုင်းဖြစ်ဖို့  တတ်စွမ်းသမျှ ပူးပေါင်းပါဝင်ပေးကြဖို့လည်း သူကပြောပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပုလဲ #ဂန့်ဂေါ #ကားလမ်းပိုင်း #မြေပြိုမှု #သွားလာရခက်ခဲ #ပအဖ #ကူညီဆောင်ရွက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10