ပုလဲနယ်က ဒေသအချို့မှာ ဆည်ရေမရလို့ စပါးအထွက်နှုန်းလျော့နည်း

ပုလဲနယ်က ဒေသအချို့မှာ ဆည်ရေမရလို့ စပါးအထွက်နှုန်းလျော့နည်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်က ကျေးရွာအချို့မှာ ဆည်ရေအလုံအလောက် မရရှိတဲ့အတွက် စပါးအထွက်နှုန်း လျော့ကျခဲ့တယ်လို့ ဒေသခံတောင်သူတဦးဆီက သိရပါတယ်။

စပါးစိုက်ပျိုးပြီးချိန်မှာ ရေရဖို့လိုအပ်နေတဲ့ ကံပေါက်ရွာက လယ်ဧက ၇၀၀၊ နွယ်ရှောက်ရွာက လယ်ဧက ၅၀၊ မွေ့တုံ၊ နွားဖူး၊ ကျောက်ကန်၊ ဖိုလ်ကုန်း စတဲ့ကျေးရွာတွေက ခန့်မှန်းဧက ၁၀၀၀ ကျော်မှာ တောင်ယမားဆည်ရေကို အားကိုးနေရပြီး လယ်ထဲကို ဆည်ရေအလုံအလောက် မရခဲ့တဲ့အတွက် အထွက်နှုန်းလျော့ခဲ့တာလို့ ဆိုပါတယ်။ 

"ဆည်ရေတံခါးပြုတ်ကျသွားလို့ ရေအလုံအလောက်မရခဲ့တဲ့ လယ်တွေရှိတယ်။ အခုရိတ်တော့ အထွက်တွေလျော့ကုန်တယ်။ ရသလောက်ပဲ သိမ်းရတာပေါ့" လို့ တောင်သူ ကိုလင်းက ပြောပါတယ်။

ရေအလုံအလောက်မရတဲ့အတွက် အထက်ပါကျေးရွာတွေမှာ စပါးတင်းအထွက်နှုန်း ၂၀ ရာခိုင်နှုန်းလျော့ကျပြီး စိုက်ပျိုးတောင်သူတွေ အရှုံးပေါ်ခဲ့တယ်လို့ ကံပေါက်ရွာလယ်သမားတဦးက ပြောပါတယ်။ 

" ပုံမှန်ဆည်ရေနဲ့ဆိုရင် စပါး ၈၀ ဝန်းကျင်ထွက်ပါတယ်။ ရေမရှိတော့ မြေဆီကြဲတာ ပေါင်းလိုက်တဲ့ အပိုင်းမှာ နောက်ကျသွားတာပေါ့။ တင်း ၅၀ ကျော်ပဲ ပျမ်းမျှထွက်တော့တယ် "လို့ လယ်သမားက ပြောပါတယ်။

တောင်ယမားဆည်ရေတံခါးမှာ သြဂုတ်လနောက်ဆုံးအပတ်မှာ ပြုတ်ကျခဲ့ရာ ဆည်ရေရဖို့အတွက် မြို့နယ် ပအဖ ဦးဆောင်မှုနဲ့ ဒေသခံတွေက ဝိုင်းဝန်းပြင်ဆင်ခဲ့ရာ ရက်ပေါင်း ၃၀ နီးပါးကြာမြင့်ခဲ့ပြီး ကုန်ကျစားရိတ်သိန်း ၃၀ ကျော်ကို တောင်သူတွေစုပေါင်းပြီး ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

ဆည်ရေတံခါးပြင်ဆင်ပြီး ရေပေးဝေနိုင်ခဲ့ပေမယ့် ဆည်နဲ့ဝေးတဲ့ကျေးရွာက လယ်တွေရေရဖို့ အချိန်ကြာမြင့်ခဲ့တာကြောင့် အထက်ပါကျေးရွာတွေက စိုက်ခင်းတွေမှာ ရေအပြည့်အဝမရရှိခဲ့တာလို့လည်း ကံပေါက်ရွာ လယ်သမားတဦးဆီက သိရပါတယ်။

ပုလဲနယ်မှာ မိုးစပါးအနေနဲ့ လုံးသွယ်မွှေးနဲ့ ဧရာမင်းစပါးမျိုးတွေကို သြဂုတ်လ ပထမအပတ်မှာ စိုက်ပျိုးကြပြီး နေရပ်စွန့် စစ်ရှောင်နေရတဲ့ရွာတွေနဲ့ မီးဘေးသင့်ကျေးရွာတွေ ပျူရွာတွေနဲ့ နီးတဲ့ရွာတွေကတော့ စပါးမစိုက်ပျိုးနိုင်ကြဘူးလို့ သိရပါတယ်။ 

လက်ရှိ ပုလဲနယ်မှာ ရိတ်သိမ်းပြီးတဲ့ လုံးသွယ်မွှေးစပါး ၁ တင်းကို ၂၀၀၀၀ ကျပ်ပေါက်စျေးရှိကာ အဝယ်ရှိပြီး ဧရာမင်းစပါး ၁ တင်းကို ၂၂၀၀၀ ကျပ်စျေးပေါက်တယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။ 

ပုံစာ - တောင်ယမားဆည် ရေသွင်းမြောင်းနှင့် တောင်သူများ စပါးရိတ်သိမ်းချွေလှေ့နေကြစဥ်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ပုလဲ #မိုးစပါးရိတ်သိမ်း #ဆည်ရေမလုံလောက် #စပါးအထွက်နှုန်လျော့ကျ #တောင်းသူအရှုံးပေါ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10