ပုလဲနယ်ကရွာတွေ စစ်ကြောင်းထိုးကာ ရိက္ခာနဲ့ အဖိုးတန်ပစ္စည်းတွေ အကြိမ်ကြိမ်ခိုးယူခံနေရ

ပုလဲနယ်ကရွာတွေ စစ်ကြောင်းထိုးကာ ရိက္ခာနဲ့ အဖိုးတန်ပစ္စည်းတွေ အကြိမ်ကြိမ်ခိုးယူခံနေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်သားနဲ့ ပျူစောထီးတွေက စစ်ရှောင်ပြည်သူတွေရဲ့ အဖိုးတန်းပစ္စည်းတွေနဲ့ ရိက္ခာတွေကို လှည်းနဲ့တင် ခိုးယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်သားနဲ့ပျူစောထီး အင်အား ၁၃၀ ဝန်းကျင်ဟာ စက်တင်ဘာ ၁၇ ရက်က မင်းတိုင်ပင်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာချိန်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ဖောက်ဝင်ရောက်လာတဲ့အတွက် ရွာ ၈ ရွာက ပြည်သူ ၅ ထောင်ကျော် ရှောင်တိမ်းခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

စစ်ကြောင်းဟာ မင်းတိုင်ပင်ရွာအရောက်မှာ သက်ကြီးပိုင်းနဲ့ ကျန်းမာရေးမကောင်းသူတွေကို စောင့်ရှောက်ပေးသူတွေရဲ့ ရွှေထည်နဲ့ ဖုန်းတွေအပြင် ဆန်အိတ်တွေကို သယ်သွားကြတယ်လို့ မင်တိုင်ပင်ရွာ ဒေသခံတဦးက ပြောပါတယ်။

"ဘုန်းကြီးကျောင်းပိုင် ဆန်အိတ် ၃၀ ကျော်နဲ့ ရွာသားတွေရဲ့ ဆန်အိတ် ၁၅ လုံးပါသွားတယ်။ ဆွဲကြိုးတကုံး၊ နားကပ်တရံ၊ ပိုက်ဆံနဲ့ ဖုန်းတွေပါသွားကြတယ်။ ဆီနဲ့ စားသောက်စရာပစ္စည်းတွေ ယူသွားတယ်။" လို့ မင်းတိုင်ပင် ရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။


မင်းတိုင်ပင်ရွာက ဆန်အိတ်နဲ့ အဖိုးတန်ပစ္စည်းတွေအပါ ပြည်သူတွေရဲ့ ရိက္ခာတွေကို လှည်းတွေနဲ့ သယ်သွားပြီး စက်တင်ဘာ ၁၈ ရက်က ရွာမှာ တညဝင်နားခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်တနေ့ စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းမှာတော့ နှောရိုးရွာကို ဝင်ပြီး ပစ္စည်းတွေ ထပ်ယူသွားကြတယ်လို့ ပုလဲမြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

"စစ်ကြောင်းက အင်မထီးစခန်းဘက် ပြန်ရောက်သွားပါပြီ။ ဘေးကင်းလို့ ရွာပြန်သွားတဲ့သူတွေရှိတယ်။ ပျူရွာနဲ့နီးစပ်တဲ့ တခြားကျေးရွာက ပြည်သူတွေထပ်မံစစ်ရှောင်နေရတယ်။" လို့ အဲ့ဒီတာဝန်ခံက ပြောပါတယ်။

မင်းတိုင်ပင်၊ နှောရိုးအပါ ရွာ ၈ ရွာက ပြည်သူ ၅ ထောင်ကျော်စစ်ရှောင်ရာကနေ ၂ ထောင် ဝန်းကျင်က ရွာတွေထဲ ပြန်ဝင်သွားကြတာကြောင့် လက်ရှိမှာ ၃ ထောင်နီးပါး စစ်ရှောင်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ရွာမီးရှို့တာ လူသတ်တာတွေလုပ်ခဲ့တာမျိုးမရှိပေမယ့် လှည်း ၁၄ စီးနဲ့လာပြီး ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အချိုမှုန့်ကအစ မချန်ပဲ စားသောက်ကုန်တွေကို အဓိကထားယူသွားကြတာလို့ မင်းတိုင်ပင်ရွာ ဒေသခံတဦးက ပြောပါတယ်။


"ဒါနဲ့ဆိုရင် အခေါက်ပေါင်း မနည်းတော့ဘူး။ ပျူရွာနှစ်ရွာကြားဆိုတော့ အမြဲတမ်းဝင်နေတာပါ။ ပစ္စည်းတွေယူသွားတော့ လိုတာပြန်ဝယ်ကြပေါ့။" လို့ ပြောပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးဖို့လာတဲ့အခါ ပျူစောထီးတွေရှိတဲ့ အင်မထီးရွာနဲ့ ဇီးဖြူကုန်းရွာတွေကို အရင်ဝင်ကာ ပျူစောထီးတွေနဲ့ပေါင်းပြီး စစ်ကြောင်းထိုးလေ့ရှိလို့ ပုလဲမြို့ပေါ်က စစ်ကြောင်းရောက်တာနဲ့ အနီးနားကျေးရွာတွေက အထုတ်အပိုးတွေအဆင့်သင့် ပြင်ထားကြတယ်လို့ သိရပါတယ်။

ပုံစာ - စက်တင်ဘာလ ၁၉ ရက်နေ့က ပြည်သူတွေစစ်ရှောင်နေကြစဥ်။

စာတည်း - ဇို

#မြေလတ်အသံ
#စစ်ကိုင်း #ပုလဲ #စစ်ကောင်စီ #ပျူစောထီး #စစ်ကြောင်းထိုး #ရိက္ခာယူ #တိမ်းရှောင် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10