ပုလဲနယ်က မီးဘေးသင့်တွေကို ကူညီလှူဒါန်းခဲ့တဲ့ ပြည်ပရောက် ကမ်းလက်မေတ္တာ

ပုလဲနယ်က မီးဘေးသင့်တွေကို ကူညီလှူဒါန်းခဲ့တဲ့ ပြည်ပရောက် ကမ်းလက်မေတ္တာ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်က မီးဘေးသင့်ပြည်သူတွေကို ယမန်နေ့ ဇွန်လ ၂ ရက်က ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ ပစ္စည်းတွေကို လှူဒါန်းပေးခဲ့တယ်လို့ ပုလဲဒေသခံတဦးထံက သိရပါတယ်။

ဧပြီလအစောပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့လို့ ပုလဲမြို့နယ်၊ နှောကန်ရွာမှ ၁၀၄ အိမ်၊ ချောင်းနားရွာ ၆ အိမ်နဲ့ အလယ်ဘုံရွာ ၁ အိမ်၊ စုစုပေါင်း ၁၁၁ အိမ် မီးဘေးသင့်ခဲ့ရပြီး၊ အဲ့ဒီပြည်သူတွေကို ကမ်းလက်မေတ္တာလူမှုကူညီရေးအဖွဲ့က လှူဒါန်းခဲ့တာလို့ တာဝန်ယူဆောင်ရွက်ပေးခဲ့တဲ့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

"ကမ်းလက်မေတ္တာအဖွဲ့ကို မီးရှို့ခံရတဲ့ရွာတွေက ပြည်သူတွေရဲ့ အခက်အခဲကိုပြောပြတယ်။ လိုအပ်တဲ့ပစ္စည်းတွေနဲ့ ကုန်ကျစရိတ် စာရင်းတွေ ပို့ပေးတယ်။ အဲဒီအဖွဲ့ရဲ့ငွေကြေးနဲ့ ပစ္စည်းတွေဝယ်ပြီး လှူဒါန်းခဲ့ပါတယ်" လို့ ပြောပါတယ်။

ကမ်းလက်မေတ္တာလူမှုကူညီရေးအဖွဲ့ကို ပြည်ပရောက်မြန်မာတွေနဲ့ ပြည်တွင်းတချို့က ဖွဲ့စည်းထားတာဖြစ်ပြီး၊ ပြည်တွင်းက စစ်ဘေးရှောင်၊ မီးဘေးသင့်၊ ရေဘေးသင့် ပြည်သူတွေကို ကူညီလှူဒါန်းပေးနေသလို ပုလဲနယ်ကိုလည်း လှူဒါန်းမှု ၄ ကြိမ်ခန့်ရှိပြီလို့ ဆက်ပြောပါတယ်။

"မနေ့ကဆန် ၂၄ ပြည်တအိတ်၊ ဆီတပိဿာ၊ ဓါးတချောင်း၊ ဆားသုံးထုပ်လာလှူပါတယ်။ ပြည်ပရောက်နေတဲ့အဖွဲ့ကလှူတာပါ။ စားဖို့အခက်အခဲပြေလည်လို့ ဝမ်းသာမိပါတယ်" လို့နှောကန်ရွာသားတဦးက ပြောပါတယ်။

နှောကန်ရွာ မီးဘေးသင့်တောင်သူတဦးက ဒီလကုန်စပါးစိုက်ပျိုးဖို့ အခက်အခဲတွေရှိနေပြီး စပါးမျိုး၊ မြေဆီ၊ ထွန်ယက်ဖို့ နွားနဲ့ထွန်စက် ငှားရမ်းခပေးဖို့ငွေကြေးအခက်အခဲ ရှိနေပါတယ်လို့ မြေလတ်အသံကို ပြောပါတယ်။

"တောင်သူတချို့ကလည်းရင်းနှီးတဲ့ မိတ်ဆွေတွေဆီကနေ စပါးမျိုးချေး၊ ငွေကိုအတိုးနဲ့ ချေးနေရတာရှိတယ်။ တချို့က လက်မှုလုပ်ငန်းလေးလုပ်ပြီးတော့ ဖြေးဖြေးချင်းသွားနေရတယ်" လို့ ဆက်ပြောပါတယ်။

လက်မှုလုပ်ငန်းအနေနဲ့ ထန်းလက်ကိုင်းကို လျှော်စုပ်ကာ လျှော်တောင်းတွေပြုလုပ်ရောင်းချတာဖြစ်ပြီး ကွင်းလေးကွင်းပါ လေးကွင်းတောင်း၊ ကွင်းနှစ်ကွင်းပါပါက ဇကတောင်း၊ တင်းဝင်တောင်း၊ ခွဲတောင်း၊ ပြည်ဝင်တောင်း၊ ကျောက်သယ်တောင်း၊ ဂျပ်ပြားတောင်း တွေယက်လုပ်နေတယ်လို့ သိရပါတယ်။

 

စာတည်း - 007

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင် #ပုလဲ #မီးဘေးရှောင် #စစ်ကောင်စီ #မီးရှို့ဖျက်ဆီး #ကမ်းလက်မေတ္တာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10