ပုလဲနယ်ထဲက စစ်ရှောင်ပြည်သူတွေကို ယာယီတဲမိုးဖို့ မိုးကာဖျင်စတွေ ထောက်ပံ့

ပုလဲနယ်ထဲက စစ်ရှောင်ပြည်သူတွေကို ယာယီတဲမိုးဖို့ မိုးကာဖျင်စတွေ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းမှာ လာရောက်စစ်ရှောင်နေကြတဲ့ ပြည်သူတွေကို ယာယီတဲမိုးဖို့အတွက် မိုးကာဖျင်စတွေ ထောက်ပံပေးအပ်ခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာကူညီရေးနဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှတဆင့် The End of Dictatorship (EDO) အစီအစဉ်အရ "အညာမြေကိုအားဖြည့်ဖို့ မင်းအောင်လှိုင်အိမ်ကို အပြီးသိမ်းစို့" Campaign ကရရှိတဲ့ အညာမြေတခွင် စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ မှ မိုးကာဖျင်စတွေ ထောက်ပံ့ပေးတာလို့ ဆိုပါတယ်။

သြဂုတ် ၃၁ ရက်၊ နေ့လယ်ပိုင်းက စစ်ရှောင်အိမ်ထောင်စုအလိုက် မိုးကာ ၁၈၈ ချပ်ကို ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်အပါအဝင်၊ လူသားစာနာတာဝန်ခံနဲ့ တိုက်နယ် ၇ ရဲ့ပကဖအဖွဲ့ဝင်တွေကတဆင့် ထောက်ပံပေးခဲ့တာလို့ ပြောပါတယ်။

" ပုလဲမြို့နယ်ထဲကို အမြဲတမ်းလာရောက်စစ်ရှောင်နေရသူတွေကို မိုးကာတွေထောက်ပံ့ပေးတာပါ။ ဂန့်ဂေါ၊ ပုလဲနဲ့ ဆားလင်းကြီးနယ်က စစ်ရှောင်တွေပါ။ နေဖို့၊ စားဖို့နဲ့ ကျန်းမာရေးအတွက်ပါ အတတ်နိုင်ဆုံး လုပ်ပေးထားပါတယ်" လို့ ပုလဲ ပအဖ ခေါင်းဆောင်ကိုဇော်ထက် ကပြောပါတယ်။

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှာရှိတဲ့ အိမ်၊ ဝန်း၊ ယာမြေတွေကိုစွန့်လွှတ်ပြီး ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ရှောင် အိမ်ထောင်စု ၁၃၃ စု၊ ဂန့်ဂေါမြို့နယ် မြောက်ခရမ်းမှ ရောက်ရှိလာတဲ့ စစ်ရှောင် အိမ်ထောင် စု ၂၂ စု၊ ဆားလင်းကြီးမြို့နယ် ကျောက်မှော်ရွာမှရောက်ရှိလာတဲ့ အိမ်ထောင်စု ၃၃ စုတို့အတွက် တအိမ်ထောင်ကိုမိုးကာ တချပ်နှုန်းနဲ့စုစုပေါင်း ၁၈၈ ချပ်ကို သွားရောက်ထောက်ပံ့ ပေးခဲ့ကြတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်ကလည်း ပုလဲမြို့နယ်၊ အင်မထီးရွာ (ပျူအားကောင်းသည့်ရွာ)က နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေတဲ့ အိမ်ထောင်စု ၁၃၀ အတွက်မိုးကာ ၁၃၀ ချပ်ကိုလည်းထောက်ပံပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ပုလဲ #ပအဖ #စစ်ရှောင် #ထောက်ပံ့ရေး #နေထိုင်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10