ပုလဲနယ်မြေရဲစခန်းက စစ်ကောင်စီတပ်ကို လက်နက်ကြီးမျိုးစုံနဲ့ တိုက်ခိုက်လို့ ၁ ဦး သေဆုံးဟုဆို

ပုလဲနယ်မြေရဲစခန်းက စစ်ကောင်စီတပ်ကို လက်နက်ကြီးမျိုးစုံနဲ့ တိုက်ခိုက်လို့ ၁ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ထောင့်နယ်မြေရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးမျိုးစုံနဲ့ တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၁ ဦးသေကာ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် - DRPA က ဇူလိုင်လ ၂၆ ရက်မနေ့ညက သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၂၄ ရက် ညသန်းခေါင်ယံအချိန်မှာ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို လက်လုပ် ၆၀၊ ၈၀၊ ၁၂၀ မမ အလုံးပေါင်း ၆၀ လောက်နဲ့ မိနစ် ၄၀ ကြာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"မိနစ် ၄၀ အတွင်း ဆက်တိုက်ပစ်တော့သူတို့ဘက်က ခါတိုင်းလို ပြန်ပစ်တာမျိုးတော့မရှိဘူး။ အိပ်ချင်မူးတူးနဲ့ လက်နက်ငယ်နဲ့ပြန်ပစ်တာပဲရှိတယ်။ လက်နက်ကြီးနဲ့ပြန်ပစ်တာမျိုးလည်းမရှိသလို ပစ်ပြီးအမြန်ပြန်ဆုတ်လာတော့ ကျနော်တို့ဘက်က ထိခိုက်တာမျိုးမရှိဘူး"လို့ DRPAရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီအဖွဲ့ဝင် ၁ ဦးရဲ့အလောင်းနဲ့ ဒဏ်ရာရစစ်ကောင်စီအဖွဲ့ဝင် ၁ ဦးကို ဇူလိုင်လ ၂၅ ရက်မနက်မှာ MI 35 ရဟတ်ယာဉ်နဲ့ ပုလဲမြို့ကနေမုံရွာမြို့ကို သယ်သွားတာကို အတွင်းသတင်းအရ သိရတယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီလက်နက်ကြီးစစ်ဆင်ရေးကို လက်နက်ကြီးတပ်ပေါင်းစုအဖွဲ့ဝင်တွေ ဖြစ်တဲ့ တပ်ရင်းအမှတ် ၃၀ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် တပ်ခွဲ -၄ Black Shadow PDF၊ B.E.D ငညို၊ MRDA တပ်ရင်း ၆ တပ်ခွဲ ၁ စွန်ရဲ၊ တပ်ရင်းအမှတ် ၂၉ တပ်ခွဲ ၅ Golden Star Force၊ ဒေါင်းမင်းစစ်ကြောင်း အညာဒေသတပ်ခွဲ၊ မိုးသောက်ကြယ် (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)၊ SBTF (Salingyi Border Task Force)၊ ပ.က.ဖ၊ FBGA ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အာဠာဝက LPDF၊ တောသားကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ နယ်စည်းမခြားဇာမဏီပြောက်ကျား၊ Eagle ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ G.T.F ခွဲ (၂) ယက္ခညီနောင်၊ တောကျီးကန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ စစ်ကျွန်မခံမြွေဆိုးတသိုက် LPDF၊ မင်းလက်ဝါးပုလဲ မြေပြင်ပျောက်ကြားအဖွဲ့၊ ဆည်တော်ဦး၊ မုံရွာ-သေမင်းတမာန်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

DRPA နဲ့ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၁၉ ရက်ညကလည်း အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကနီမြို့အစိုးရဘဏ်ရုံးကို  ၄၀ မမ ၄ လုံး၊ ၆၀ မမ ၃၅ လုံးနဲ့တိုက်ခိုက်ခဲ့ကြပါသေးတယ်။

ပုံစာ - ဇွန်လ ၂၄ ရက်မနက်က ဆားလင်းကြီးမြို့ ချည်မျှင်စက်ကို လက်နက်ကြီးနဲ့ပစ်ခတ်ရန် ပြင်ဆင်နေစဉ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ပုလဲ #ရဲစခန်း #စစ်ကောင်စီ #ပကဖ #PDF #DRPA

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10