ပုလဲနယ်မှာ ကျား/မ အခြေပြု အကြမ်းဖက်မှုနဲ့အဓမ္မပြုကျင့်ခံရမှု လျော့ကျဖို့ အသိပညာပေး

ပုလဲနယ်မှာ ကျား/မ အခြေပြု အကြမ်းဖက်မှုနဲ့အဓမ္မပြုကျင့်ခံရမှု လျော့ကျဖို့ အသိပညာပေး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ အဖွဲ့အစည်းတွေက မေ ၁၃ ရက်ကနေ ၁၉ ရက်အတွင်း ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်လို့ အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ရေးရာ အဖွဲ့ထံက သိရပါတယ်။

ပုလဲမြို့နယ် အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ရေးရာ တာဝန်ခံက ကျား/မအခြေပြု ခွဲခြားဆက်ဆံခံရတာတွေ၊ အကြမ်းဖက်ခံရတာနဲ့ သက်ငယ်မုဒိမ်း ပြုကျင့်ခံရတာတွေ လျော့ကျသွားဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

"မုဒိမ်းမှုက ဖြစ်ဖြစ်ချင်းဆို စစ်ရတာမြန်တယ်လေ။ လကြာမှဆိုတော့ သက်သေက အတော်ရှာရခက်သွား တတ်တယ်။ ဒီမှာဖြစ်ခဲ့တဲ့ မုဒိမ်းမှု ၂ မှုကို စစ်နေတုန်းပါ" လို့ မြို့နယ်တာဝန်ခံ မအိသူသူမောင်က ပြောပါတယ်။

၂၀၂၄ အတွင်း ပုလဲမြို့နယ်မှာ သက်ငယ်မုဒိမ်းမှု ၂ မှုဖြစ်ခဲ့ပြီး အခုလိုကိစ္စတွေဖြစ်လာပါက အောက်ခြေမှာ မပြီးဘဲ မြို့နယ်အထိ တိုင်ကြားပေးဖို့ကိုလည်း အသိပေးပြောဆိုဆွေးနွေးခဲ့တယ်လို့ သူက ပြောပါတယ်။ 

ဒါမှလည်း မုဒိမ်းပြုကျင့်ခံရသူ အမျိုးသမီးဟာ ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ HIV၊ AIDS စတဲ့ ကာလသားရောဂါ ကူးစက်ခံရတာနဲ့ စိတ်ဒဏ်ရာရခဲ့တဲ့ အခြေအနေမျိုးတွေကိုလည်း ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်ပြီး ဆေးဝါးကုသပေးနိုင်မှာလို့ ဆိုပါတယ်။ 

ဒါ့အပြင် Gender အခြေပြု ကျား/မခွဲခြားဆက်ဆံခံရမှုအခြေအနေတွေနဲ့ အကြမ်းဖက်ခံရနိုင်မှု လျှော့ချရေး အခြေအနေတွေကိုလည်း အသိပညာပေးခဲ့တယ်လို့ ဆိုပါတယ်။ 

အခုလို ပြည်သူလူထုနဲ့တွေ့ဆုံရာမှာ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ရေးရာ အဖွဲ့တွေက သက်ဆိုင်ရာကဏ္ဍအလိုက် ပြောဆိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ကျေးရွာနေပြည်သူများနှင့် မေလတတိယပတ်အတွင်း တွေ့ဆုံနေစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ပုလဲ #လူထုနဲ့တွေ့ဆုံ #NUG #သက်ငယ်မုဒိမ်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10